ရေးမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံလိုက် ရသည်ဟု သိရသည်။

ကျောက်မိချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို စာထုတ်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက် နာမှုမရှိသည့်အတွက် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်သည်ဟု ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားသည်။

”ကျောက်မိချောင်းရွာ (တောင်ပိုင်း) အုပ်ချုပ်ရေးမှူး ဒလန် ဦးဝင်းမြင့်ကို ကျတော်တို့ ရေးဘီးလူးအဖွဲ့က ရှင်း လင်းခဲ့တာ ဖြစ်တယ်။ ကျတော်တို့ ဥက္ကဋ္ဌကို မရှင်းခင်မှာ သတိပေးစာတွေ အမျိုးမျိုးထုတ်တယ်။ လိုက်နာမှု မရှိ ခဲ့ဘူး။ လမ်းပန်းဆက်သွယ်ရေးမှာလည်း စကစကို သတင်းပေးနေတာတွေ ရှိတဲ့အတွက် အခုလို ရှင်းလင်းရ ခြင်း ဖြစ်တယ်” ဟု ရေးဘီးလူးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျောက်မိချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် လမ်းပေါ်တွင် ပက်လက်လဲကျနေစဥ် သေနတ် သမား နှစ် ဦးက ပစ္စတိုသေနတ်နှစ်လက်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်နေသည့် ရုပ်သံဖိုင်ကိုလည်း ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားသည်။

”ကျောက်မိချောင်း အုပ်ချုပ်ရေးမှူး အသတ်ခံရတာတော့ ကြားတယ်၊ အသေးစိတ်တော့ မသိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကျောက်မိချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ရေးဘီးလူး အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ရေးဘီးလူးအဖွဲ့သည် ပြီးခဲ့သည့်လကလည်း ဒလန်ဆိုပြီး ဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့သည်။

ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ CDM မလုပ်ကြသည့် အရပ်သား ဝန် ထမ်းများ၊ စစ်ကောင်စီ သတင်းပေးဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

တဖက်တွင်လည်း စစ်ကောင်စီက ရေးဘီးလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူအား ဆုကြေးပေး မည် ဟု ထုတ်ပြန်ထားသည်။