ရေး-ထားဝယ်လမ်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ ၂ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီး စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားသည်ဟု မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က ထုတ်ပြန်ထားသည်။

ရေးမြို့နယ် တံတားကြီး စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၇ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်က မွန်ပြည်နယ် အခြေ ပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း တံတားဂိတ်ရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ ဝင်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများလည်း ရှိနိုင်သည်ဟု MSRO အဖွဲ့က ထုတ်ပြန်ထားသည်။

တံတားကြီးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှုများလည်း ပိတ်ဆို့လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

”ဒီမနက် တံတားကြီး တိုက်ခိုက်ခံရမှုဖြစ်ပြီးနောက်မှာ လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်။ ရှာဖွေ စစ် ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ရေးမြို့နယ် တံတားကြီးဂိတ်ကို တိုက်ခိုက်ခြင်းသည် ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အား ကွပ်မျက်ခဲ့သည့် အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့ အစည်း MSRO က ထုတ်ပြန်ထားသည်။

ရေး-ထားဝယ် ကားလမ်းပေါ် ရှိ မြစ်ကူးတံတားများအပြင် ရေးမြို့နှင့် အခြားသော ကျေးရွာအချို့ကြား ဆက် သွယ်ထားသည့် မြစ်ကူးတံတားဂိတ်များလည်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များက မကြာ ခဏ တိုက်ခိုက်လေ့ရှိသည်။