TNLA တပ်သားသစ်စုဆောင်းမှုကြောင့် ရွာသားအချို့ ထိုင်းနယ်စပ်အထိ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲတွင် တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တပ်သားသစ် စုဆောင်းနေသည့်အတွက် ကျောက်မဲ ပြည်သူများ တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
ကျောက်မဲမြို့နယ်၊ လွယ်ကုံကျေးရွာတွင် ယခုနှစ် ဖေဖော်ဝါရီလမှ ယခုလ (ဇူလိုင်လ)အထိ တပ်သားအသစ် စုဆောင်းနေခဲ့သောကြောင့် ထိုင်းဘက်သို့ ထွက်ပြေးကြရသည်ဟု လွယ်ကုံကျေးရွာနေ ပြည်သူများက ပြောသည်။
လွယ်ကုံကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက “အခုအလှည့်ကျတဲ့ အိမ်တွေက တစ်ယောက် မဖြစ်မနေ လိုက်ရမယ်ဆိုတော့ အိုးပစ်အိမ်ပစ်ပြီး ထိုင်းဘက် ပြေးကြတယ်။ ပိုက်ဆံလည်း မလိုချင်ဘူး လူပဲ လိုချင်တာတဲ့။ သူတို့က ပလောင်လူမျိုး အချင်းချင်းပဲ ခေါ်တာ။ ရှမ်းတွေကတော့ SSPP က လာခေါ်မယ် ပြော တယ်။ ကျမတို့ အိမ်က သားတစ်ယောက် သမီးတစ်ယောက်ပဲ ရှိတော့ လိုက်မသွားရဘူး။ လောလောဆယ် အလှည့်ကျတဲ့ အိမ်တွေတော့ ထိုင်းဘက် ပြေးကြလို့ ဘယ်သူမှ လိုက်မသွားရသေးဘူး” ဟု ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာများတွင် ဖြစ်ပွားနေသည့် တပ်သားသစ်စုဆောင်းနေမှု အခြေအနေများနှင့် ပတ်သက်၍ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “မိသားစု တစ်စုမှာ ၁၈ နှစ်အထက်နဲ့ ၃၅ နှစ်အောက်ပေါ့နော် အမျိုးသားနှစ်ဦးရှိရင် တစ်ဦးက စစ်မှုထမ်းရမယ်ဆိုတာ ရှိ တယ်။ အဲ့ထဲမှာက နှစ်ဦးရှိရင်လည်း ကင်းလွတ်ခွင့်က ပညာသင်ဆဲကာလ၊ ကျန်းမာရေးမသန်စွမ်းသူဆိုရင် ကင်းလွတ်ခွင့်ရတယ်။ မဟုတ်ရင်တော့ တစ်ဦးကတော့ စစ်မှုထမ်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ စုဆောင်းတာပါ။ အဲ့ ဘက်မှာတော့ စစ်သားသစ်စုဆောင်းတဲ့အပြင် ခွင့်ယူပြီး ပြန်မလာတဲ့လူတွေကို ပြန်ခေါ်တာတွေရှိတယ်။ ဒါက ကျောက်မဲမကဘူး တခြားမြို့နယ်တွေထဲမှာလည်း အဲ့လိုပါပဲ” ဟု ပြောသည်။
ကျောက်မဲမြို့နယ်ရှိ ကျေးရွာများတွင် ယခုနှစ် ဖေဖော်ဝါရီလက RCSS နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် SSPP၊ TNLA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကျေးရွာအချို့တွင် TNLA တပ်ဖွဲ့ဝင်များက တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ တပ်စွဲထားသည့် အချိန်မှ စတင်ပြီး တစ်လတစ်ခါ တပ်သားသစ် စုဆောင်းမှုများ ရှိနေသည်ဟု ဆိုသည်။ ထိုကဲ့သို့ တပ်သားအသစ် စုဆောင်းရာတွင်လည်း အမျိုးသားနှစ်ဦးနှင့် အထက်ရှိသည့် အိမ်များက တစ်ဦး စီ လိုက်ပါသွားရသည်ဟု သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေသူများအပြင် အချို့မှာ နီးစပ်ရာ ဘေးလွတ်သည့်နေရာ အချို့တွင် ရှောင်ပြေးနေကြသည်ဟု လွယ်ကုံကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေမှုများကြောင့် ကျေးရွာဒေသခံများ ကျောက်မဲမြို့သို့ သွားလာသည့် အခါတွင် TNLA က နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များကို သိမ်းယူထားပြီး ရွာသို့ ပြန်ရောက်မှသာ ပြန်ပေးလေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာများတွင် တပ်သားသစ်စုဆောင်းနေမှုများအပြင် ဒေသအတွင်း တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် မိသားစုလိုက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရသောကြောင့် လက်ဖက်ခူးမည့် သူများပင် မရှိတော့ဘူးဟု ဒေသခံများက ပြောသည်။
ကျောက်မဲ ဒေသခံတစ်ဦးက “ခါတိုင်းတော့ လက်ဖက်စိုက်တယ်။ အခု ခူးမယ့်သူက မရှိတော့ ကြမ်းတဲ့ ခြံက လည်း ကြမ်း၊ တောဖြစ်တဲ့ ခြံကလည်း ဖြစ်ပေါ့။ အရင် ဆယ်ရောက် ခူးရတဲ့ခြံက အခု လေးငါးယောက်နဲ့ပဲ ခူးနေ ရတယ်။ ရွာထဲမှာ လူမကျန်တော့ ရောင်းဖို့ ဝယ်ဖို့လည်း မရှိတော့ဘူးပေါ့။ တပ်သားစုဆောင်းရေး အလှည့်ကျသူတွေက မရှိတော့ဘူး” ဟု ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံရွာသားများသည် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်များသာ လုပ် ကိုင်နေရကြရသည့် စစ်ရေး ပဋိပက္ခများ ရက်ရှည်ကြလာသည်နှင့်အမျှ စားဝတ်နေရေးပိုင်း ပိုမိုခက်ခဲလာ နေ သည်ဟု ဆိုသည်။