နိုင်ကျဉ်း ကွပ်မျက်မှု ညီနောင်မဟာမိတ် ၃ ဖွဲ့ ကန့်ကွက် ရှုတ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

နိုင်ငံရေး အကျဉ်းသားများကို သေဒဏ်ပေး သတ်ဖြတ်လိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံတကာနှင့် အာဆီယံက အဆိုပြုထားသည့် လမ်းစဉ်နှင့် ဆန့်ကျင်နေသည့်အပြင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့်လည်း လုံးဝဆန့်ကျင်နေသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့ က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်သည့်အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအန်း အမျိုးသား လွတ် မြောက်ရေးတပ်မတော် PSLF/TNLA ၊ ရက္ခိုင့်တပ်တော် ULA/AA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က ဇူလိုင် လ ၂၇ ရက်နေ့ (ယမန်နေ့) က ထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ဦးဆောင်နိုင်မယ့်လူတွေကို သတ်လိုက်တာက သူ တို့ကို မဆန့်ကျင်ရဲအောင် ခြိမ်းခြောက်တဲ့ပုံစံမျိုးပေါ့။ ပြောမယ်ဆိုရင် ဒီအာဏာရှင်က သူနိုင်မယ့် နည်းလမ်း ကို ရှာကြံပြီးမှ ခြိမ်းခြောက်မှုအနေနဲ့ ထုတ်သုံးတဲ့ပုံစံမျိုးဆိုတာကို တွေ့ရတယ်။ ဒီလိုဆက်ပြီးသွားမယ်ဆိုရင် လူထုရဲ့ ဆန့်ကျင်မှုက ပိုဖြစ်လာမယ်။ တခြားအဖွဲ့အစည်းတွေက မခံမရပ်နိုင်ဖြစ်လာပြီး တိုက်ပွဲတွေပိုဖြစ်လာ မယ်။ နောက်ပြီး နိုင်ငံတကာမှာလည်း ပိုပြီး အထီးကျန်သွားမယ်” ဟု ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “သေဒဏ်စီရင်လိုက်ခြင်းသည် လက်ရှိ ကမ္ဘာနိုင်ငံ၏ စံထား ချက်များနှင့် နိုင်ငံရေးအခွင့်အရေး ကွန်ဗင်းရှင်းများကို ဆိုးဝါးစွာ ချိုးဖောက်နေပါသည်။ ထို့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အာဆီယံ နိုင်ငံဂျာကာတာ ထိပ်သီးအစည်းအဝေးမှ သဘောတူ ဆုံးဖြတ်ထားသော မြန်မာနိုင်ငံ ဆိုင်ရာ ဘုံသဘောတူညီချက် (၅) ရပ် အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း မည့် လမ်းစဉ်များနှင့်လည်း လုံးဝဆန့်ကျင်နေပါသည်။ ထို့အပြင် နစကမှ အဆိုပြုထားသော အမျိုးသား ပြန် လည် ရင်ကြားစေ့ရေးလမ်းစဉ်နှင့်လည်း လုံးဝဆန့် ကျင်နေသောကြောင့် မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့် ကွက်ပါသည်” ဟု ပြောဆိုထားသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ သေဒဏ်ပေးစီရင်လိုက်သည့် လုပ်ရပ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာ အားလုံးကို စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည်ဟု ဆိုသည်။

“ယုတ္တိမရှိသော ပြစ်မှုဖြင့် နိုင်ငံရေး အမြင်မတူသော ပုဂ္ဂိုလ်များအား သေဒဏ်စီရင်ခြင်းသည် ပြည်သူ တစ်ရပ် လုံး၏ ဒေသစိတ်နှင့် ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲ ပြဿ နာအားလုံးကို နစကမှ တာဝန်ယူရမည်ဖြစ်သည်” ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ အနေဖြင့် သေဒဏ်စီရင်ခြင်း ခံရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်း နည်းရပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရက္ခိုင့် တပ် တော် ULA/AA နှင့် ကိုးကန့်တပ်မတော် MNDAA တို့သည် မြန်မာပြည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPCC ၏ အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်သည်။

FPCC တွင် ပါဝင်သည့် အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည် တိုးတက် ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုး သား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီ ညွတ် ရေးပါတီ UWSP တို့ဖြစ်သည်။