ဖားကန့် မြေစာပုံပြိုကျမှု လူ နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲက မိုးကားကျေးရွာအနီး မြေစာပုံပြိုကျမူကြောင့် ရေ မဆေး ကျောက်ရှာဖွေသူ အမျိုးသားနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ များက ပြောသည်။

မိုးကားကျေးရွာနှင့် စပေါ့ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း မြေစာပုံပြိုကျမှုကြောင့် ရေးမ ဆေးကျောက်ရှာဖွေနေသူ ၃ ဦးအနက် ၂ဦး အမြင့်ပေ ၂၀၀ နီးပါးရှိသည့် အနီးက ရေကန်ထဲပြုတ်ကျကာ သေဆုံး သွားခြင်းဖြစ်သည် ဟု ဖားကန့် ဒေသခံ တစ်ဦးက ပြောသည်။

“စပေါ့ရွာနားမှာလို့ ပြောလည်းရတယ်။ အဲ့မှာ ကမ်းပါးမှာ ကျောက်တူးနေကြတာ။ ရုတ်တရက် မြေဇာပြိုကျ လာလို့ သူတို့နှစ်ယောက် မြေစာပိပြီး သေဆုံး သွားတာ ဟုတ်တယ်” ဟု မိုးကားကျေးရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

သေဆုံးသွားသူ နှစ်ဦးမှာ ကိုနောနော်နှင့် ကိုဇီးတန် ဆိုသူတို့ဖြစ်ကြသည်ဟု ဆိပ်မူ-သင်္ခါလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇူလိုင် ၂၇ ရက်နေ့၊ နံနက် ၉ နာရီ အချိန်တွင် ဆိပ်မူကျေးရွာအုပ်စုထဲတွင် စွန့်ပစ်မြေစာပုံ ကမ်းပါးယံ ပြိုကျမှု ကြောင့် ရေမဆေးကျောက်ရှာနေသည့် အမျိူးသားနှစ်ဦး မြေစာများနှင့် အတူ အောက်ဘက်ရှိ ရေကန်ထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးသွားခြင်း ဖြစ်သည်။

မြေစာပြိုကျမှုကြောင့် သေဆုံးသွားသူ နှစ်ဦး၏ ရုပ်အလောင်းများကို အနီးအနားရှိ ဒေသခံများ နှင့် ဆိပ်မူ-သင်္ခါ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များက ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

“ဖြစ်တဲ့နေရာက မိုးကာနဲ့ စပေါ့ရွာကြားလို့ ပြောရမလား အဲ့ဒီမှာရှိတဲ့ မြေစာပုံပြိုကျတာ။ စွန့်ပစ်မြေ ဒီကမ်း ပါးက အက်ပြီး ပြိုကျတာ။ မိုးရွာထားတဲ့ အရှိန်ကလည်း ရှိတယ်လေ။ အဲ့ဒါပြိုတော့ အောက်က ပေ ၂၀၀ လောက်နက်တဲ့ ရေကန်ထဲကို ပြုတ်ကျသွား။ အလောင်းတွေတော့ ကျနော်တို့ အဖွဲ့နဲ့ ဒီက ရေမဆေး သမား တွေ ရှာကြတာပေါ့” ဟု သင်္ခါလူမှုကူညီရေးအသင်းဝင် တစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းလုပ်ကွက်များတွင် နှစ်စဉ်နှစ်တိုင်း မြေစာပုံပြိုကျမှုများ ဖြစ်ပွားလေ့ရှိပြီး ယခုကဲ့သို့ မိုးတွင်းကာလအတွင်း မြေစာပုံပြိုကျမှု ပိုမိုဖြစ်ပွားလေ့ရှိသည့်အတွက် လူသေဆုံးမှုများအပြင် နေ အိမ်များ၊ ကျောက်စိမ်းလုပ်ကွက်များအတွင်းရှိ စက်ယန္တရားများ မကြာခဏ မြေပိပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် လေ့ ရှိသည်။

ဓါတ်ပုံ – အောင်ဇော်မိုး ဖားကန့်