ဝိုင်းမော် ပြည်သူ့စစ်စခန်းကို KIA ဝင်ရောက်တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ဂိတ်စခန်း တစ်ခုအား ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇူလိုင် ၂၈ ရက် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၅ ဦး သေဆုံး မှုရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြစ်ကြီးနားမြို့ တဖက်ကမ်းရှိ ဝိုင်းမော်မြို့နယ်ထဲက ဝူယန်ကျေးရွာရှိ ပြည်သူ့စစ် အဖွဲ့၏ ဂိတ်စခန်းကို KIA က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဟိုးမနက် ၂ နာရီလောက်မှာ ဖြစ်တာ။ KIA က ဝင်ပစ်တာလို့ ပြောတယ်။ အဲ့ဒီဂိတ်က ပြည်သူ့စစ်တွေ ထွက် ပြေး ကုန်ပြီလို့ ပြောတယ်နော်။ သေတာလည်းရှိတယ်။ ဒဏ်ရာရတာလည်းရှိတယ်။ သေတဲ့လူက ၅ ယောက် ၆ ယောက်လောက်ရှိတယ်လို့ ပြောတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည့် အဆိုပါ ပြည်သူ့စစ်ဂိတ်စခန်းသည် ကျေးရွာနှင့် နီးနီးကပ်ကပ် ရှိနေသည့် ဂိတ်ဖြစ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်ခံရသည့် အသံများကို ကြားနေရသည်ဟု ဒေသခံများက ပြော သည်။
ထိုပြည်သူ့စစ်ဂိတ်စခန်း တိုက်ခိုက်ခံလိုက်ရသည့်အတွက် ယနေ့တနေကုန်နီးပါး ဝိုင်းမော်မြို့တွင်းအထိ စစ် ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု မြို့ခံများက ပြောသည်။
“အစောပိုင်းက လမ်းတောင် ပိတ်ထားတာ။ ဒီမနက် ဖြစ်ပြီးတာနဲ့ နေ့လည် ၁၂ လောက်အထိနော် လမ်းပိတ် ထားလိုက်တာ။ ပြီးတော့ ဒီကျနော်တို့ ဝိုင်းမော်မြို့လယ်လို့ ပြောရမလား အဲ့အထိ စစ်သားတွေက သွားလာနေ တယ်။ နောက်ပြီး ကားရပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်တယ်။ အဓိကတော့ ဖုန်းစစ်တယ်။ ဆိုင်ကယ် တွေကိုလည်း အကုန်ဖွင့်ခိုင်းတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဝိုင်းမော်မြို့ခံ လူငယ်တစ်ဦးက ပြော သည်။
KIA က သွားရောက် ပစ်ခတ်ခဲ့သည့် ပြည်သူ့စစ်အဖွဲ့၏ ဂိတ်စခန်းသည် လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင် ကယ်များ၊ ကားများအပြင် ဆဒုံးဘက်မှလာသည့် ကုန်တင်ကားများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက် ငွေတောင်းခံခြင်းများ လုပ်ဆောင်နေသည့် ဂိတ်စခန်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း ဝူယန်ကျေးရွာအနီးတွင် ပြည်သူ့စစ်ဂိတ်စခန်းတစ်ခု အပြင် နန်ဇော်ယန်ကျေးရွာ အနီး တွင်လည်း လီဆူပြည်သူ့စစ်အဖွဲ့၏ ဂိတ်စခန်းတစ်ဂိတ်ရှိပြီး လမ်းလာလမ်းလာပြည်သူများအား အတင်းအဓမ္မ ငွေကြေး ကောက်ခံများကို စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုမိုလုပ်ဆောင်နေသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲက နန်ဇော်ယန်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ စစ်ပူးပေါင်းအဖွဲ့များ က ကချင်လွတ် လပ်ရေးတပ်မတော် KIA ၏ တပ်စခန်းတစ်ခုကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါနေရာ ဘက်ခြမ်းတွင်လည်း နှစ်ဖက်ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
ထို့သို့ တင်းမာမှုများအပြင် ဝိုင်းမော်အခြေဆိုက် ခလရ ၅၈ တပ်ရင်းက အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများထဲအထိ လက်နက်ကြီးကျည်များဖြင့် မကြာခဏ ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဒေသခံ များက ပြောသည်။
ဓါတ်ပုံ – KNG