ရေး ရဲစခန်းကို ရေးဘီလူး အဖွဲ့ ဝင်တိုက်၊ ရဲ သုံးဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။
မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးသွားသည်ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ရေးမြို့လယ်ရှိ မြို့ရဲစခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ (ယမန်နေ့) ညနေ ၃ နာရီခွဲ အချိန်ခန့်က ရေးဘီလူးအဖွဲ့ က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
”ရေးမြို့ ရဲစခန်းကို ကျနော်တို့အဖွဲ့က ၄၀ မမ တွေ M16/M4 တွေ သုံးပြီး ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်၊ ကျနော်တို့ ပြောချင်တာက ပြည်သူအပေါ်ကို ဒုက္ခပေးနေတဲ့သူတွေ စကစတွေကို ကျနော်တို့ ရေးဘီးလူးအဖွဲ့က သုတ်သင်ရှင်းလင်းသွားမယ်” ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူ က ထုတ်ပြန်ပြောဆိုသည်။
ရေးမြို့မရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု ရေးဘီးလူးအဖွဲ့က ထုတ်ပြန် ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တစ်ရက်တည်းတွင် ရေးမြို့နယ် ကဗျာဝကျေးရွာမှ ပြည်သူများကို ဒုက္ခပေးနေသည့် မင်းကို ဆိုသူကိုလည်း သုတ်သင်ရှင်းလင်းခဲ့သည် ဟု လည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရဲစခန်း၊ တံတားလုံခြုံရေးဂိတ်များ ဆက်တိုက်ကိုက်ခိုက်ခံနေရပြီးနောက် စစ်ဆေးမှုလည်း တင်းကျပ်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။
”စစ်ဆေးမှုတွေ အခုတလော ပိုများလာတယ်။ သတိနဲ့ သွားလာနေကြရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြော သည်။
ရေးမြို့နယ်အတွင်းရှိ တံတားလုံခြုံရေးဂိတ်များကိုလည်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များ က မကြာခနဝင်ရောက် တိုက်ခိုက်လေ့ရှိသည်။