လက်နက်ကြီး ရမ်းသန်းပစ်မှုကြောင့် စစ်ရှောင် ကလေးငယ် တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။
ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကလေးတစ်ယောက် သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားသည်ဟု စစ်ရှောင်များနှင့် DMSO-PDF တာဝန်ရှိသူများက ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီဘက်မှ ရမ်းသန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အသက် (၁၃) နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (DMSO-PDF) မှ တာဝန်ရှိသူ တစ်ဦးက “စစ်ရှောင်တဲ့ မိသားစု နေ ရာမှာ ကျထိတာပေါ့နော်။ အဲ့မှာလူက သုံးဦး၊ ကလေးက တစ်ဦးပေ့ါနော်။ သေသွား တဲ့ကလေးက သူတို့သား သမီးပေါ့။ စစ်ရှောင်တဲ့တဲတွေ ပျက်စီးတာတော့ ရှိတယ်” ဟု ပြောသည်။
ယခုစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့်နေရာအနီးတဝိုက်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွား ခြင်းမရှိပဲ စစ်ကောင်စီဘက်ပ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ရှောင်များနေထိုင်သည့် နေရာသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်ဟု (DMSO-PDF) မှ တာဝန်ရှိသူ က ဆက်ပြောသည်။
“ဒီးမော့ဆိုမြို့နယ်ထဲ့ ပြည်သူတွေ စစ်ရှောင်တဲ့နေရာကို အကြမ်းဖက် စစ်ကောင်စီဘက်ကနေပြီးတော့ လက် နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပေ့ါနော်။ တိုက်ပွဲ ဖြစ်ပွားခြင်းတော့ လုံးဝမရှိပါဘူး။ ပြည်သူတွေ သီးသန့် ရှိတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ သေကြေပျက်စီးအောင်လုပ်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်ပေါ့နော်။ ပစ်တာတော့ နေ့တိုင်းလိုလိုပဲ ထမင်းစားသလိုပဲ မနက်တကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန်ထမင်းစားသလိုပဲ သူတို့က တိုက်ပွဲထိတွေ့မှု မရှိလည်း စစ်ရှောင်တွေနေတဲ့နေရာ ရမ်းသန်းပြီးတော့ ပစ်ခတ်မှုက နေ့စဉ်နဲ့အမျှ ရှိနေတယ်။
ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်သည့် နေရာဘက်သို့ စစ်ကောင်စီ လက်အောက်ခံ ငွေတောင်ရွာ တပ်ရင်း – ၁၀၂ နှင့် ဖရူဆိုမြို့နယ် အခြေစိုက် တပ်ရင်း – ၁၂၈ တို့က ဇူလိုင်လ (၃၁) ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် လက်နက်ကြီးနှင့် (၁၀) ကြိမ်ခန့် ရမ်းသန်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၅ ဦးအနက် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူက နေရာ တွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး တစ်ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရသည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အခြားသုံးဦးမှာ ဒဏ်ရာအနည်းစီသာ ရရှိခဲ့သည့်အတွက် အသက်အန္တရာယ် မစိုးရိမ်ရ တော့ဘူးဟု အကူအညီပေးနေသူများ က ပြောသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်း အခြားသောနေရာများတွင် စစ်ကောင်စီတပ်နှင့် DMSO-PDF, KNDF, KA ပူးပေါင်းတပ်ဖွဲ့အများအကြား နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကျေးရွာများထဲရှိ နေအိမ်များနှင့် ဘုရားကျောင်းကဲ့သို့သော ဘာသာရေး အဆောက်အဦများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသေးသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တို့က နေ့စဉ် စစ်မြေပြင်မှာက ဒါ မျက်နှာချင်းဆိုင်အနေအထားပေါ့နော် စစ်ကောင်စီဘက်ကလည်း တဖက်နေရာယူထားတယ်။ ကျနော်တို့ ဒီ PDF အုပ်စုဘက်ကလည်း နေရာယူထားတာဖြစ်တဲ့အတွက် နေ့စဉ် တိုက်ပွဲကတော့ အသေးနဲ့အကြီးပဲကွာမယ် ထိတွေ့မှုရှိတယ်။ နေအိမ်တွေကတော့ တရက်ကို ပျှမ်းမျှ ၁ – ၃ လုံး လောက်က မီးရှို့ခံနေရတဲ့ အတိုင်းအတာရှိတယ်။ ဘာသာရေး အဆောက်အဦတွေအနေနဲ့ကတော့ ဘုရား ကျောင်းတွေ တပ်စွဲတဲ့နေရာတွေ သူတို့ နယ်မြေရှင်းလင်းရေး မြင်ကွင်းမရှင်းတဲ့နေရာတွေကို ဒါမီးရှို့ဖျက်ဆီး တာ များတယ်။”
ထိုသို့ တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်တပ်က လမ်းကြောင်း များ ကို ပိတ်ဆို့ထားသည့်အတွက် ဆေးဝါးနှင့် ရိက္ခာပိုင်းလည်း အခက်အခဲ ဖြစ်နေသည် ဟု ဆိုသည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က “အခုလက်ရှိက ဆေးဝါးတွေ ဝယ်ယူရတာ အခက်အခဲ ဖြစ်နေတယ်။ နောက်ပြီး ဆေးတွေ တင်ပို့တဲ့ နေရာက အစ စစ်ကောင်စီဘက်က လမ်းကြောင်း ပိတ်ဆို့ထားတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေက ဆေး ဝါးလုံလောက်မှု မရှိဘူးပေါ့။ အကူအညီတွေ အများကြီး လိုနေ တယ်ပေါ့နော်” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း DMSO-PDF အပါအဝင် KNDF, KA အစရှိသည့် တော်လှန်ရေး အင်အားစုများနှင့် စစ် ကောင်စီတပ်တို့ အကြား စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ရေ ၁၀၀ နီးပါးခန့် ဖြစ်ပွားခဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိပဲ စစ်တပ်ဘက်က လက်နက်ကြီးများနှင့် နေ့တိုင်း နီးပါး ရမ်းသန်း ပစ်ခတ်နေသည်ဟု ဒေသခံများနှင့် ဒီးမော့ဆို PDF အဖွဲ့ တာဝန်ရှိသူများက ပြောသည်။