ရှမ်းမြောက်တွင် ညပိုင်း စစ်သား စုဆောင်းရေးလုပ်၊ ဆရာမ အပါအဝင် ရွာသားများ ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ပန်စံကျေးရွာအုပ်စုအတွင်း TNEC က ကျောင်း ဆရာမ တစ်ဦးအပါအဝင် ရွာသား အယောက် ၂ဝ ကို တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ပန်စံကျေးရွာအုပ်စု၊ အုမ်းငန်းကျေးရွာအတွင်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က တပ်သားသစ်စုဆောင်းရာမှ ရွာသားများက ထွက်ပြေးကြသည့်အတွက် ညအချိန်မတော် ကျေးရွာအတွင်း ဝင် ကာ ရွာသားများကို ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ဒီညက လူတွေအိပ်နေချိန်မှာ ည ၁၁ နာရီခန့် TNLA တပ်သားတွေက လူအယောက် ၃၀ ဝန်းကျင်ရှိပြီးတော့ ရွာထဲဝင်လာတယ်။ ဝင်လာပြီး သူများအိပ်နေတဲ့ အိပ်ယာထဲထိ ဆွဲခေါ်သွားတယ်။ ကလေးအမေတွေရော သက် ကြီး အဖိုးအဖွားတွေရော အကုန်ဖမ်းသွားတယ်။ အဲ့ညက ကလေးအမေတွေ ဆွဲခေါ်သွားတော့ ကလေးတွေ လန့် ပြီး ငိုနေကြတာ။ မနေ့က ကလေးအမေနဲ့ တချို့လူတွေ ပြန်လွှတ်လာတယ်” ဟု ပြောသည်။

ကျေးရွာအတွင်းက အမျိုးသားများအပါအဝင် တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) က ဆရာမ တစ် ဦး၊ ကလေးမိခင်အချို့၊ သက်ကြီးရွယ်အိုများကိုပါ ဇူလိုင်လ ၃၁ ရက်နေ့ ညက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“အဲ့ဒီနေ့က TNEC လုပ်တဲ့ ဆရာမအိမ်ကို ရောက်လာပြီး လာနိုးတာ။ ပြီးတော့ တံခါးကန်ပြီး ဝင်လာတာ။ ဆရာ မ အမျိုးသားက ထွက်လာပြီး ဘာလို့အဲ့လိုလုပ်တာလဲ အိမ်ထဲမှာ ဒီလိုအကြမ်းဖက်တာ လုပ်လို့ရလားပေါ့။ ဆရာမက ဓာတ်ပုံတွေ ရိုက်ထားတာ။ စစ်သားက ဆရာမ ဓာတ်ပုံရိုက်တယ်ဆိုပြီး ဆရာမရဲ့ လက်ကို ရိုက်ပြီး ကန်လိုက်တယ်။ ပြီးတော့ ဆရာမ အမျိုးသားကို ခေါ်သွားတယ်။ လာဖမ်းတဲ့ အချိန်မှာ စစ်သားက ၃ ယောက် ပါတယ်။ ဆရာမရဲ့ ယောက်ကျားကို တစ်လမ်းလုံး ရိုက်သွားတယ်။ တကယ့်တမ်း ဆရာမတို့အိမ်က စစ်သား ကောက်ရမယ့် စာရင်းထဲမှာလည်း မပါထားဘူး။ စာရင်းပါတဲ့လူရော မပါတဲ့လူရော အကုန် ဖမ်းသွားတယ်။”

ထိုသို့ ရွာသားများကို PSLF/TNLA က ရိုက်နှက်ဖမ်းဆီးသွားသည့်အတွက် ကျန်ခဲ့သည့် မိသားစုဝင်များမှာ ဖမ်းဆီးခံထားရသူများအတွက် စိုးရိမ်နေကြသည်။

ဖမ်းဆီးခံလိုက်ရသည် အယောက် ၂၀ ထဲတွင် TNLA က တပ်သား ၂ ဦး ပါဝင်သည်ဟု ဆိုသည်။ ဖမ်းဆီးခံလိုက် ရသူများထဲမှ ရွာသား ၇ ယောက်ကို ယခုရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်နေသေးသည့် ရွာသားများ ကို ကွန်စလန်းကျေးရွာတွင် ဖမ်းဆီးထားသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

TNEC က ဆရာမ အပါအဝင် ကျောင်းသားမိဘများကိုပါ ဖမ်းဆီးသွားသည့်အတွက် အုမ်းငန်းကျေးရွာထဲရှိ စာသင်ကျောင်းကိုလည်း ဆက်ပိတ်ထားရသည်ဟု သိရသည်။

ဒေသခံ အမျိုးသမီးတစ်ဦး က “TNEC က ဖွင့်တဲ့ကျောင်း ရွာကလူတွေပဲ ဆရာမတွေ လုပ်တာ။ အခုက အဲ့လို တွေဖြစ်တော့ ကျောင်းကမဖွင့်တော့ဘူး။ အခုခေါ်သွားတဲ့ အထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေရဲ့ မိဘ တွေ လည်းပါတယ်။ ပြန်မလွှတ်လာရင်တော့ ကလေးတွေ ကျောင်းထွက်ရတော့မှာ သေချာတယ်” ဟု ပြောသည်။

အုမ်းငန်းကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

သို့သော် ကျောက်မဲဒေသအတွင်း တပ်သားသစ်စုဆောင်းနေမှု အခြေအနေများနှင့် ပတ်သက်၍ ဒုတိယ ဗိုလ်မှူး ကြီး မိုင်းအိုက်ကျော် “မိသားစု တစ်စုမှာ ၁၈ နှစ်အထက်နဲ့ ၃၅ နှစ်အောက်ပေါ့နော် အမျိုးသားနှစ်ဦးရှိရင် တစ်ဦး က စစ်မှုထမ်းရမယ်ဆိုတာ ရှိ တယ်။ အဲ့ထဲမှာက နှစ်ဦးရှိရင်လည်း ကင်းလွတ်ခွင့်က ပညာသင်ဆဲကာလ၊ ကျန်း မာရေး မသန်စွမ်းသူဆိုရင် ကင်းလွတ်ခွင့်ရတယ်။ မဟုတ်ရင်တော့ တစ်ဦးကတော့ စစ်မှုထမ်းရမယ် ဆိုတဲ့ ပုံစံ မျိုးနဲ့ စုဆောင်းတာပါ။ အဲ့ ဘက်မှာတော့ စစ်သားသစ်စုဆောင်းတဲ့အပြင် ခွင့်ယူပြီး ပြန်မလာတဲ့လူတွေကို ပြန် ခေါ်တာတွေရှိတယ်။ ဒါက ကျောက်မဲ မကဘူး တခြားမြို့နယ်တွေထဲမှာလည်း အဲ့လိုပါပဲ” ဟု ဇူလိုင်လ ၂၈ ရက် နေ့က သတင်းနှင့်မီဒီယာ ကွန်ရက်သတင်းဌာနက မေးမြန်းရာတွင် ပြောဆိုထားသည်။

PSLF/TNLA က အုမ်းငန်းကျေးရွာအတွင်း ရွာသားများကို လာရောက်ဖမ်းဆီးသည့်ပုံစံမှာ ရိုက်နှက်ခြင်းများရှိခဲ့ သည့်အပြင် အခြားသော မသက်ဆိုင်သည့် မိသားစုဝင်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကိုပါ ဖမ်း ဆီးခေါ်ဆောင်သွားသည့်အတွက် ကျေးရွာဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။

အလားတူ ကျောက်မဲမြို့နယ်၊ လွယ်ကုံကျေးရွာတွင်လည်း ယခုနှစ် ဖေဖော်ဝါရီလမှ ပြီးခဲ့သည့်လ (ဇူလိုင်လ)အထိ တပ်သားအသစ် စုဆောင်းနေခြင်းတို့ကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းထိ ထွက်ပြေးနေ ကြရသည် ဟု လွယ်ကုံရွာသားများက ပြောသည်။