ကျောင်းသား စက်လှေကို စစ်ကောင်စီတပ်ပစ်ခတ်၊ ကျောင်းသား နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ လိုက်ပါလာသည့် စက်လှေတစ်စီး စစ် ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ကျောင်းသား ၂ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် တုံးမဝကျေးရွာ အလယ်တန်းကျောင်းမှ ရဲမဝကျေးရွာကို စက်လှေနှင့် ပြန်လာကြသည့် ကျောင်းသား အယောက် ၂၀ ခန့်မှာ နှမဒါချောင်းဝတွင် လက်နက်ကြီးနှင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“မနက်ပိုင်းထဲက စစ်တပ်နဲ့ ချနေကြတာ။ လက်နက်ကြီး ပစ်သံတွေဆိုတာ တရစပ်ဘဲ၊ ကျောင်းသားတွေကို ကြို ပို့တဲ့ စက်လှေက ခလရ စစ်တပ်ထဲက ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိသွားတာပါ၊ ကျောင်းတက်ရတာ လည်း တိုက်ပွဲတွေကြား ဆိုတော့ အသက်နဲ့ ရင်းပြီး တက်နေရတာ” ဟု အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။

စက်လှေထိမှန်သွားသည့် လက်နက်ကြီးကျည်မှာ နှမဒါရွာ ဘုရားကုန်းဘက်က ကျလာခြင်း ဖြစ်ပြီး ထိုနေရာတွင် စစ်တပ်က တပ်စွဲထားသည်ဟု ဒေသခံများ က ပြောသည်။

သေဆုံးသွားသူများမှာ ငါးတန်းကျောင်းသား မောင်နေမင်းထွန်း အသက် ၁၂ နှစ် နှင့် မောင်အောင်သန်းမြင့်တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ မခင်စီ အသက် ၁၄ နှစ်၊ မောင်အောင်လင်းဝင်း အသက် ၁၇ နှစ် နှင့် ကျောင်းလုပ် သား ဦးဗဒူ အသက် ၅၄ နှစ်တို့ ဖြစ်သည် ဟု သိရသည်။

ဩဂုတ်လ ၂ ရက်နေ့က ပလက်ဝမြို့နယ်၊ နှမဒါချောင်းထဲတွင် ရက္ခိုင့်တပ်မတော် AA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားပြီး ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ နှမဒါချောင်းဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ကူပေးနေသည်ဟုလည်း ဒေသခံမများက ပြောသည်။

အလားတူ ဩဂုတ်လ ၂ ရက်နေ့ တိုက်ပွဲ အပြီးတွင် စစ်ကောင်စီတပ်က အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၄ ဦး ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင် အမှတ် ၄၀ အနီးတွင်လည်း သြဂုတ်လ ၂ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။