အမရ ပူရတွင် ဓါးဒဏ်ရာဖြင့် အလောင်း ၂ လောင်းတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။
အမရ ပူရ မြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသော အလောင်း နှစ်လောင်း တွေ့ရှိခဲ့သည်ဟု ပရဟိတ အသင်း တာဝန်ရှိသူများက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ယာဉ်တော်ကျေးရွာ အနီး ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် ဓါးဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ဒေသအတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်း တာဝန်ရှိသူများက ပြောသည်။
ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၃၆၄ – ၄ဖာလုံ တွင် အဆိုပါ အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ဩဂုတ်လ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပရဟိတသမားတစ်ဦး က “ကျနော်တို့ လာတော့ တွေ့တွေ့ချင်း မျက်နှာတွေမှာ အဝတ်စတွေနဲ့ စည်းထားကြ တာ” ဟု ပြောသည်။
အသက် (၃၇) နှစ်အရွယ် အမျိုးသားမှာ လည်ပင်း တစ်ဝိုက်တွင် ပြတ်ရှဒဏ်ရာ နှင့် မျက်နှာဖူးယောင် ဒဏ်ရာများ တွေ့ရပြီး အသက် (၃၅) နှစ် အရွယ် အမျိုးသားတွင် ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ဝဲဘက် လက်မောင်းတွင် ပြတ်ရှ ဒဏ်ရာ၊ ဦးခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု လူမှုကူညီရေး ပရဟိတသမားများက ပြောသည်။
ထိုအလောင်းများကို စတင်တွေ့ရှိချိန်က သေဆုံးနေသူများ၏ မျက်နှာများကို အဝတ်စဖြင့် စည်းထားသည်ဟု အလောင်းသွားသယ်သည့် ပရဟိတ သမားတစ်ဦးက ထပ်မံ ပြောဆိုပါသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလ နောက်ပိုင်း မန္တလေးမြို့ပေါ်နှင့် အနီးဝန်းကျင် နေရာများတွင် စစ်ကောင်စီ လက်အောက် ခံ သွေးသောက်အဖွဲ့က သတ်ဖြတ်ပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့သည့် အလောင်း ၁၀ လောင်း ထက် မနည်းကိုလည်း တွေ့ရှိခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဩဂုတ်လ ၂ ရက်နေ့၊ ညနေပိုင်း၌ပင် ၁၁၆ /၁၁၇ လမ်း ပန်းရံတော်ချောင်း အတွင်း အမျိုးသား အလောင်းတစ်လောင်း မှောက်ခုံ အနေအထားဖြင့် မျောပါလာခဲ့ရာ သွားရောက်ဆယ်ယူ ခဲ့ရသည်ဟု ပရဟိတ သမားများ၏ ပြောပြချက်များအရ သိရသည်။
စစ်တပ်က အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် ခိုးဆိုးလုယက် ဓားပြတိုက်မှုများ၊ လူသတ်မှုများမှာ တစ်ရက် ထက် တစ်ရက် ပိုဆိုးရွာလာသည့် အခြေအနေများ ရှိနေသောကြောင့် မြို့ခံပြည်သူများမှာ နေ့စဉ် စိုးရိမ် ထိတ် လန့်နေရကြရသည်ဟု အမရပူရမြို့နယ်အတွင်းက ဒေသခံများက ပြောသည်။