အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ မူးဒူးကျေးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံ လိုက်ရသည်ဟု ရွာသားများက ပြောသည်။

မူးဒူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးယူစိန် အသက် ၅၅ နှစ် သည် သြဂုတ်လ ၁ ရက်နေ့၊ ညနေ ၃ နာရီ အချိန် ခန့်က ပစ်သတ်ခံလိုက်ရသည်။

“သေနတ်ပစ်သံက ဆယ်ချက်လောက် ကြားရတယ်။ ဒဏ်ရာက ဦးခေါင်းမှာ ၂ ချက်နဲ့ ရင်ဘတ်မှာ ၁ ချက် ထိ တာ” ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

နေအိမ်တွင် ရှိနေသည့် ဦးယူစိန်ကို အမျိုးသား ၃ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းတွင် ၂ ချက်၊ ရင်ဘတ်တွင် ၁ ချက် ကျည်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု မူးဒူးရွာသားများ၏ ပြောပြချက်အရ သိရသည်။

ဦးယူစိန် သည် ၂၀၁၀ ခုနှစ် မတိုင်မှီ ယခင်စစ်အစိုးရလက်ထက်တွင် မူဒူးကျေးရွာ၏ အုပ်ချုပ်ရေးမှူး အဖြစ် တာ ဝန်ယူထားခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် အတူ လက် တွဲကာ စစကောင်စီ၏ လိုအပ်ချက်များကို လုပ်ကိုင်ပေးနေသူ တစ်ဦး ဖြစ်သည် ဟု သိရသည်။

ပစ်သတ်ခံလိုက်ရသည့် ဦးယူစိန်သည် စစ်ကောင်စီတပ်ဖွဲ့ထံသို့ ကားဖြင့် စားနပ်ရိက္ခာများ ထောက်ပံ့ ပို့ဆောင် ပေးနေသည့် အပြင် ပျူစောထီးများ၊ သွေးသောက်အဖွဲ့များ၏ အစည်းအဝေးတိုင်းတွင်လည်း အမြဲလို ပါဝင်နေ ခြင်းမျိုး တွေ့ရသည် ဟု ရွာသားတစ်ဦး က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

ဦးယူစိန်သည် ဦးသိန်းစိန် အစိုးရလက်ထက်က ဒေသခံရွာသားများ ရရှိသည့် ရေနက်ဆိပ်ကမ်း လျော်ကြေးငွေ များ အပေါ်ဖြတ်စားခဲ့ခြင်းများလည်း ရှိနေသည်ဟု ရွာသားများ က ပြောသည်။

သေဆုံးသူ ဦးယူစိန်အား ဒေသခံ ပြည်သူ့ ကာကွယ်တပ်ဖွဲ့ ဇင်ယော်တပ်စု (ပကဖ-ရေဖြူ) မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သြဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။