သတင်းပေး ဆိုသူ တစ်ဦး ရော်ဘာခြံအတွင်း ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
စစ်ကောင်စီ သတင်းပေးဆိုသူ တစ်ဦး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရာဘာခြံ အတွင်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီသတင်းပေးဆိုသူ ဦးကုလား အသက် ၄၀ နှစ်အား အမည်မသိ လူနှစ်ဦး ရောက်ရှိလာပြီး ကင်းရှေ့ကျေးရွာတွင် သေနတ် ဖြင့် ပစ်သတ်သွားဖြင့် ဖြစ်သည်။
“သေနတ်သံက သုံးချက်ကြားရတယ်။ ခေါင်းမှာ ထိထားတယ်လို့ သိရတယ်။ သိပ်မကြာဘူး အလောင်းကို လူနာ တင်ကားနဲ့ သရက်ချောင်းဘက် တင်ဆောင်သွားတာ“ ဟု အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြော သည်။
သြဂုတ်လ ၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် ကင်းရှေ့ကျေးရွာရှိ ရာဘာခြံတဲအတွင်း ဦးကုလား တစ်ဦး တည်း ရှိနေစဉ် လူနှစ်ဦးရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံး သွားသည် ဟု ရွာသားတစ်ဦးက ဆိုသည်။
သေဆုံးသွားသူ ဦးကုလားသည် စစ်ကောင်စီတပ်ဖွဲ့ထံသို့ စော်ဖျားကျေးရွာ မှ ပျူစောထီး ခေါင်းဆောင် ဦးမောင် ရီတို့နှင့် အတူသွားလာကာ PDF များနှင့် ပတ်သက်သည့် သတင်းများကို ထောက်လှမ်း ပေးပို့လျက်ရှိနေပြီး ရောင်းမော်ကျေးရွာက ပျူစောထီးများ၏ အစည်းအဝေးများတွင်လည်း ပါဝင်နေခြင်းမျိုး တွေ့နေရသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။
အသတ်ခံရသူသည် သရက်ချောင်းမြို့နယ် ပေါက်တိုင်းကျေးရွာသား ဖြစ်ပြီး ကင်းရှေ့ကျေးရွာသူနှင့် အိမ်ထောင် ကျကာ ဥယျာဉ်ခြံ လုပ်ကိုင်လျက် တဦးတည်းနေထိုင်သူ ဖြစ်သည်။
၎င်း၏ မိသားစုဝင်များက ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ကင်းရှေ့ကျေးရွာမှ အသက် ၅၀ နှစ်ခန့်အရွယ် စစ်ကောင်စီ သတင်း ပေးဆိုသူ ဦးကြိုင်လင်းလည်း ပစ်သတ်ခံခဲ့ရသေးသည်။