ဖမ်းဆီးခံရသူအား ဦးခေါင်း သေနတ်မှန် သေဆုံးလျက်ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
စစ်ကောင်စီက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားသော လူတစ်ဦး၏ ရုပ်အလောင်းကို ဦးခေါင်းတွင် ဒဏ်ရာဖြင့် ပြန်လည် တွေ့ရှိခဲ့သည်။
ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် အသက် ၅၀ နှစ်ခန့် အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် သေဆုံးလျှက် ပြန်တွေ့ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်က အသက် ၅၀ ခန့်အရွယ် ဦးစိုးမြင့် ဆိုသူကို စစ်တပ်က ဖမ်းဆီးသွားပြီး လမ်း ဘေးတစ်ရာတွင် ဦးခေါင်းသေနတ်ဒဏ်ရာ တစ်ချက်အပြင် ရင်ဘတ်တွင် ထိုးကြိတ်ဒဏ်ရာများဖြင့် သေဆုံးနေ သည့် အလောင်းကို တွေ့ရှိခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
“အရင်တစ်ခါ သူ့ကို အခုလို ဖမ်းသွားဖူးတယ်။ အဲဒီတုန်းကတော့ ပိုက်ဆံပေး ပြန်ရွေးခဲ့လို့ လွတ်မြောက်လာ တာ” ဟု အသက် ၄၅ နှစ်ခန့်အရွယ် အိမ်နီးချင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ဦးစိုးမြင့်ကို သြဂုတ်လ ၄ ရက်နေ့၊ ည ၁၀နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက ၎င်း၏ နေအိမ်တွင် ရှိနေ စဉ် လာရောက်ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၅ ရက်နေ့တွင် အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် ဇဟာကျေးရွာအနီး ရန်ကုန်-ထားဝယ် ကားလမ်းဘေး တစ်နေရာ တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဦးစိုးမြင့်သည် ကနက်သီရိကျေးရွာသား ဖြစ်ပြီး ဘုမ္မော်ရပ်ကွက်တွင် လာရောက် ရှောင်တိမ်း နေထိုင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အလောင်းကို ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြပြီးနောက် နေအိမ်သို့ ပြန်သယ်လာခဲ့သည်ဟု ဦးစိုးမြင့်၏ အိမ်နီးချင်း မိတ်ဆွေက ဆိုသည်။
သေဆုံးသူ ဦးစိုးမြင့်ကို ဖမ်းဆီးခြင်း မပြုမှီ ရက်ပိုင်းအတွင်း ဘုမ္မော်ရပ်ကွက်ထဲသို့ အိမ်စီးကား နှစ်စီးဖြင့် လှည့် ပတ်ကာ ဓာတ်ပုံရိုက်ခြင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသေးသည်ဟု ရပ်ကွက် သူ/သားများ က ပြောသည်။