ဆီဆိုင်ရွာသားများ ဗျူစောထီးသင်တန်းအတွက် အဓမ္မ ထောက်ပံ့ခိုင်း ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင် မြို့နယ်အတွင်း ရွာသားများက ပျူစောထီး သင်တန်း တက်သူများအတွက် မူလ တစ်သိန်းခွဲ အပြင် လစဉ်စားစရိတ်ပါ ထောက်ပံ့ပေးနေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး အချို့က ပြောသည်။

တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများက ရွာအလိုက် ပျူစောထီးသင်တန်းတက်သူများအတွက် တစ်လလျှင် ကျပ်တစ်သိန်းခွဲ ပေးနေရသည့်အပြင် ယခုတွင် စားစရိတ်ပါ ထောက်ပံ့ပေးနေရသည်ဟု ဆိုက်ခေါင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဦးဆောင်ဖွင့်လှစ်သည့် ပျုစောထီးသင်တန်းအတွက် တစ်ရွာကို လူ ၂ ဦးစီ စေလွှတ်ပေးရပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် စေလွှတ်စဉ်က တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် နှစ်ဦးအတွက် သုံးသိန်း သာပေးရသည် ဟု သိရသည်။

သို့သော် ယခုသြဂုတ်လအတွက် တတိယ လူတောင်းလာပြီး ထပ်မံစေလွှတ်ရာတွင် သင်တန်း တက်သူများ အတွက် ပိုက်ဆံအပြင် တစ်လစာ စားသောက်စရိတ်ကိုပါ ပေးခိုင်းသဖြင့် အိမ်ခြေနည်းပါသည့် ကျေးရွာများ အတွက် ဝန်ထုပ်ဝန်းပိုးဖြစ်ကြရသည်ဟု ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာသား တစ်ဦး က ပြောသည်။

ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာသား တစ်ဦး က ”ရွာကကြီးပြီး အိမ်များရင် တအိမ်နည်းနည်းပဲ ထည့်ရတယ်။ အိမ် နည်းတဲ့ ရွာကျတော့ သုံးလေးခါ သောင်းချီ ထည့်ထည့်နေရတော့ မခံနိုင်တော့ဘူး“ ဟု ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင် နှင့် ဘန်ယဉ်ဘက်ရှိ ကျေးရွာများသည် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် လူ ၂ ဦးနှုန်း ပျူစောထီးသင်တန်းအတွက် လူတောင်းခံထားရသည်။

သို့သော် အများစုမှာ မသွားချင်ကြသူများသဖြင့် တစ်ဦးအတွက် ကျပ်တစ်သိန်းခွဲစီ စုပေးပြီး အငှားလွှတ်သည့် ပုံစံမျိုးလည်း ရှိသည်ဟု သိရသည်။

ဆီဆိုင်မြို့တွင် ရပ်ကွက် ၆ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၁၃ အုပ်စုရှိသည်။ ထိုရပ်ကွက် ၆ ရပ်ကွက်မှ တစ်ရပ် ကွက်လျှင် လူနှစ်ဦးနှုန်းဖြင့် လစဉ် ပျူစောထီးသင်တန်းတက်ရန် ရှာဖွေပေးနေရသည်ဟု ဒေသခံများက ပြော သည်။

စစ်ကောင်စီ ဦးဆောင်လုပ်ပေးသည့် တစ်လကြာ အဆိုပါ သင်တန်းတွင် အခြေခံစစ်ပညာ၊ လက်နက်ငယ် ဖြုတ်တပ်၊ စစ်ရေးပြများ ပို့ချပေးနေသည်ဟု သိရသည်။

စစ်ကောင်စီ၏ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပျုစောထီးဆိုသည့်မှာ မရှိဘဲ စစ်တပ်အနေဖြင့် ဒေသခံပြည်သူ့ စစ်အဖွဲ့များကိုသာ ဖွဲ့စည်းပေးနေသည်ဟု သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ထည့်သွင်း ပြောဆိုလေ့ရှိသည်။

ဓါတ်ပုံ – Hsihseng Media