စစ်တပ်လမ်းပြဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက စစ်တပ်ကို လမ်းပြပေးနေသူဆိုသည့် အမျိုးသားတစ်ဦး ပစ်သတ် ခံလိုက်ရသည်ဟု သိရသည်။

သရက်ချောင်းမြို့နယ်၊ မော်ရှည်ကုန်းကျေးရွာတွင် စစ်ကောင်စီအား လမ်းပြပေးခဲ့သူဟုဆိုသည့် ဦးလားလား အသက် ၅၀ နှစ်သည် သြဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားသည်ဟု ရွာသားများကပြောသည်။

“သေနတ်သံက ဒိုင်း ဒိုင်းဆိုပြီး ၅ ချက်လောက် ပစ်သံကြားရတယ်။ အလောင်းကိုတော့ လူနာတင်ယာဉ်နဲ့ သရက်ချောင်းမြို့ပေါ် ကို သယ်သွားတယ်” ဟု မော်ရှည်ကုန်းကျေးရွာက အသက် ၃၀ ခန့်အရွယ် ရွာသား တစ် ဦးက ပြောသည်။

ဦးလားလား သည် ဆီပင်တောင်အနီးက သူ့၏ ဥယျဉ်ခြံထဲတွင် မိသားစုဝင်များနှင့်အတူ ခြုံနွယ်များ တောခုတ် ရှင်းလင်းနေချိန် လူ ၃ဦးရောက်ရှိလာပြီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူ ဦးလားလားသည် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုး ရောက်ရှိ လာသည့် စစ်ကောင်စီတပ်ဖွဲ့ များကို လမ်းပြပေးခြင်း၊ ရိက္ခာများ ပို့ပေးခြင်းတို့ကို လုပ်ခဲ့သူဖြစ်သည်ဟု ရွာသား များက ပြောသည်။

ဦးလားလားသည် လက်လုပ် တူးမီးသေနတ် ကိုင်ဆောင်လေ့ရှိကာ တောပစ်မုဆိုး အလုပ်လုပ်ကိုင်တတ်ပြီး တောလမ်းများကို ကျွမ်းကျင်သည်ဟု ရွာသားများက ပြောသည်။

ဩဂုတ်လ ဒုတိယပတ်ထဲတွင်လည်း သရက်ချောင်းမြို့နယ် အတွင်းရှိ ရေချိုချောင်းကျေးရွာနှင့် ကြာအင်းကျေး ရွာတို့တွင် စစ်ကောင်စီ သတင်းပေးဆိုသူ နှစ်ဦး ပစ်သတ်ခံခဲ့ရ သေးသည်။