ရိုဟင်ဂျာ ကလေးငယ်တစ်ဦး သေနတ်မှန် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

စစ်သားအချို့ အခကြေးငွေ ယူပြီး ခိုးသွင်းလာသည့် ရိုဟင်ဂျာ အဖွဲ့ကို စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ ကလေးတစ်ဦး သေနတ်မှန် သေဆုံးသွားခဲ့သည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ထုံးတောင်အနီးတွင် မင်္ဂလာဒုံ အခြေစိုက် စစ်တပ်က တပ်ကြပ်ကြီး တစ်ဦး နှင့် ရဲဘော် နှစ်ဦးတို့က အခကြေးငွေယူ ခိုးသွင်းလာသည့် ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး အမျိုးသား ၁၅ ဦးတို့ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ရိုဟင်ဂျာကလေးတစ်ဦး ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည် ။

စစ်ကောင်စီ၏ ဒေသခံတပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးကြရာ အသက် ၁၆ နှစ်အရွယ် ရိုဟင်ဂျာ ကလေး တစ်ဦး ဦးခေါင်း သေနတ်ကျည်ဆံထိမှန် သေဆုံးသွားသည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ ထံမှ သိရသည်။

“ရေကြည်နဲ့ လေးမျက်နှာအကြားက ပုသိမ်-မုံရွာ ကားလမ်းဘေးမှာ ကား ၂ စီးရပ်ထားတာ တွေ့လို့ မသင်္ကာလို့ စစ်ဆေးတာမှာ ဖမ်းမိကြတာ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကား ၂စီး အနက် ပထမ တစ်စီးပေါ်တွင် အမှတ် (၁) ယာဉ်သိုလှောင်ရေး တပ်ရင်း (မင်္ဂလာဒုံ) မှ တပ်ကြပ်ကြီး ကျော်ကျော်မျိုး၊ တပ်သားသူရစိုး၊ တပ်သား အောင်မျိုးထွန်း၊ အရပ်သားယာဉ်မောင်း နောက်လိုက် မင်းမင်း ခေါ် အေးမင်းဝင်း၊ မြင့်ဇော်နှင့် ထွန်းထွန်းစိုးတို့ကို ဖမ်းဆီး စစ်ဆေးခဲ့ရာ ရိုဟင်ဂျာများကို ခိုးသွင်းသည်ဟု ထွက်ဆိုခဲ့ ကြခြင်း ဖြစ်သည်။

စစ်ဆေး ပေါ်ပေါက်ချက် အရ ရခိုင်ပြည်နယ် ဘက်မှနေ၍ ရခိုင်ရိုးမ တောင်ပေါ်လမ်းအတိုင်း ခြေလျင် လာကြ သည့် ရိုဟင်ဂျာ အယောက် ၄၀ ခန့်ကို စက်စက်ယိုကျေးရွာနှင့် ချင်းလယ်ကျေးရွာ နောက်ဘက် တောလမ်းတွင် တွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးရာ ၁၈ ဦး အရှင်မိပြီး တစ်ဦး အသေမိကာ ကျန်သူများက ရခိုင် ရိုးမတောထဲသို့ ဝင် ပြေးသွားသည် ဟု ဒေသခံသတင်းရင်း မြစ်များ ထံကသိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဲဝန်ထမ်း တစ်ဦးက “စစ်တပ်က ကောင်တွေက တပ်ဝိတ်သုံးပြီး လုပ်စား နေကြတာ။ အခုက ရိုဟင်ဂျာတွေကို လာကြိုစောင့်နေတဲ့ ကားကို PDF တွေရဲ့ ကားထင်ပြီး ဝိုင်းဖမ်းကြတာပါ။ ယုံထောင် ကြောင်မိပေါ့” ဟု ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့က ဒေသခံ စစ်ကောင်စီ လုံခြုံရေးအဖွဲ့မှ ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၅ ဦးတို့ ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်းတို့ထဲက အသက် ၁၆ နှစ်အရွယ် ရိုဟင်ဂျာတစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးသွား ခြင်း ဖြစ်သည်။

အသက် ၁၆ နှစ်အရွယ် ရိုဟင်ဂျာ ကလေးတစ်ဦး၏ ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးခြင်းနှင့် ပတ်သက်၍ လေးမျက်နှာမြို့နယ် ထုံးတောင် အနီးတွင် ရိုဟင်ဂျာများကို စစ်ဆေးနေစဉ် သေဆုံးသွားသူက ရဲတပ်သားထံမှ M-22 သေနတ်ကို လုရန် ကြိုးစားရာ ကျည်ထွက်ပြီး နားထင်ထိမှန်သေဆုံးသည်ဟု ဒေသတွင်းရှိ စစ်တပ်က ဝါဒ ဖြန့်ထားသည်။

ရေကြည်မြို့နယ် နှင့် လေးမျက်နှာမြို့နယ်အကြား ကက္ကူကြီးအုပ်စု စက်စက်ယိုကျေးရွာအနီး ပုသိမ်-မုံရွာ ကား လမ်း မိုင်တိုင် အမှတ် ၃၆/၁ အနီးတွင် ဖမ်းမိသည့် 5R/2966 Suzuki မော်တော်ယာဉ် နှင့် ယာဉ်အမှတ်၊ 7L/ 9719 ကို စစ်ကောင်စီတပ်က ယူထားသည်ဟု ရဲသတင်း အသိုင်းအဝိုင်းထံမှ သိရသည်။

ရိုဟင်ဂျာများကို ခိုးသွင်းသည့် စစ်ကောင်စီ၏ အမှတ် (၁) ယာဉ်သိုလှောင်ရေး တပ်ရင်း (မင်္ဂလာဒုံ) က တပ်ကြပ် ကြီး ကျော်ကျော်မျိုး အပါအဝင် ၃ ဦး နှင့် အရပ်သား ယာဉ်မောင်း ယာဉ်နောက်လိုက် ၃ ဦးတို့ကို စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာတပ်ဖွဲ့များက စစ်ဆေးနေသည်ဟု သိရသည်။