WFP မှ ထောက်ပံ့မှု ရပ်တန့်လိုက်သဖြင့် ကွတ်ခိုင် မုံးစီး စစ်ရှောင်များ ရိက္ခာ အခက်တွေ့

သတင်းနှင့် နှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်လိုက်သည့်အတွက် ရှမ်းမြောက်၊ ကွတ် ခိုင်မြို့နယ်၊ မုံးစီးဒေသက စစ်ဘေးရှောင် ၂၅၀ ကျော် အခက်အခဲများနှင့် ရင်ဆိုင်ရနေရသည်ဟု စစ်ရှောင်များ က ပြောသည်။

ရိက္ခာဖြတ်ခံလိုက်ရသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး လက်ရှိတွင် မုံးစီး KBC စစ်ရှောင်စခန်းက စစ်ဘေးရှောင်
လူဦးရေ ၂၅၃ ဦးသည် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီး က ပြောသည်။

“ကျမတို့ကို ဇွန်လကတည်းက ဖြတ်တောက်ပြီ။ အခု ၂၀၂၂ ခုနှစ်ကြတော့ ဇန္နဝါရီလကနေစပြီးတော့ ၆ လ ပိုင်းအထိတော့ ပေးမယ်လို့ ပြောထားပါတယ်။ ကျမတို့က စစ်ရှောင်တာ ကြာပြီတဲ့။ နောက်ပြီးတော့ အခု က တနိုင်ငံလုံးလည်း အဲ့လိုမျိုးဖြစ်နေတယ်။ နောက်ရံပုံငွေအခက်အခဲတွေလည်း ကြုံတွေနေရတဲ့အတွက် ဒီနှစ် အတွက်တော့ မရှိတော့သလိုလိုနဲ့ပြောတယ်ဆိုတော့ ကျမတို့လည်း ပြန်မပြောတတ်တော့ဘူးပေါ့။ သူတို့က ရိ က္ခာပြန်ဖြတ်တောက်လိုက်တော့ ကျမတို့လည်း စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ရာ ခက်ခဲသွားတာပေါ့။”

WFP အစီအစဉ်ဖြင့် ယခုနှစ် ဇန္နဝါရီလမှ ဇွန်လအထိသာ မုံးစီးက စစ်ရှောင်များ အသက်အရွယ်အလိုက် ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်ဟု ဆိုသည်။ ယခုနှစ် ဇွန်လက ထောက်ပံ့မှု နောက်ဆုံးရရှိခဲ့ပြီး လက်ရှိတွင် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှု မရရှိပဲ စစ်ရှောင်တွေ ရိက္ခာပြတ်တောက်နေပြီဟု ပြောသည်။

မုံးစီးစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ရိက္ခာဖြတ်တောက်ခံရတော့ အာဟာရတွေ မရှိဘူးပေါ့နော်။ မှိုတွေ၊ မျှစ်တွေ မျှစ်တွေနဲ့ ပဲသီးတွေ ဖရုံသီးတွေနဲ့ ထမင်းရောချက်စား၊ ပြုတ်စားတော့ ကလေးတွေနဲ့ သက်ကြီးရွယ် အိုတွေကိုပဲ ဦးစားပေးလိုက်တဲ့အခါကြတော့ လူငယ် လူလတ်ပိုင်းတွေက ရှာဖွေရင်းနဲ့သွားလာရင်းနဲ့ လုပ်နေ တယ်ဆိုတော့ ရောင်ယမ်းတာတွေ မကျန်းမာတာတွေ အများကြီးရှိသွားခဲ့တယ်။ အခု ရှစ်လပိုင်းရောက် သွား တော့ တအားခက်ခဲလာပြီ” ဟု ပြောသည်။

စားစရာ ဆန် ပြတ်တောက်လာသည့်အတွက် “ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးပြီး နေ့လည် စာမစားဘူး။ တခါတလေကျတော့လည်း မနက်ပိုင်းမှာ မစားပဲနဲ့ လုပ်စရာရှိတာသွားလုပ်။ အငှားမရှိဘူးဆို လည်း တောထဲမှာ ခရုကောက်တယ်။ မှိုရှာ မျှစ်ရှာနဲ့ အဲ့လိုမျိုးပေါ့။ ပြောပြရင်းနဲ့ ကျမတောင် ငိုချင်လာပြီ။ အာဟာရနဲ့ပတ်သက်ရင် ကျမတို့မှာ ခက်ခဲတဲ့အတွက်ကြောင့် ကြက်ဥတစ်လုံးတောင်မှ ဝယ်စားဖို့တောင် ခက်ခဲ လာပြီ” ဟု ဆက်ပြောသည်။

မုံးစီစစ်ရှောင်များက လက်ရှိတွင် ကျန်နေသေးသည့် ဆန်ကို သစ်ဥသစ်ခုများ၊ အသီးအနှံများနှင့် ရောပြီး ပြုတ် စားနေကြသလို၊ အချို့မိသားစုများက ယခင်က တရက်ကို ထမင်းသုံးနပ်စားပါက ယခုလက်ရှိတွင် နှစ်ကြိမ်ပဲ စား ကြတာမျိုး၊ အိမ်တွင်ရှိနေသည့် ကလေးငယ်များကို သက်ကြီးရွယ်အိုများကို ပိုဦးစားပေးပြီး ကျွေးတာမျိုးဖြင့် စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနေရသည်ဟု စစ်ရှောင်များက ပြောသည်။

မုံးစီးစစ်ဘေးရှောင်များ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြားက တိုက်ပွဲများကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးလာကြသူများဖြစ်သည်။

၂၀၂၀ ခုနှစ် အထိ ကွတ်ခိုင်နှစ်ခြင်း ဘုရားကျောင်းဝန်းထဲတွင် သတ်မှတ်ပေးထားသည့် စစ်ရှောင်စခန်းနေရာတွင် နေခဲ့ကြရာမှ အသင်းတော်၏ နှစ် ၁၀၀ ပြည့်ပွဲကြောင့် ၂၀၂၀ ခုနှစ်ထဲမှာပင် ယခုလက်ရှိနေ နေသည့် နေရာကို ထပ်မံ ပြောင်းရွှေ့ခဲ့ကြရသည့် စစ်ရှောင်များ ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါအပြင် လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေး သွားလာရေးခက်ခဲ ခြင်းများကြောင့် အခြားအကူအညီများလည်း ရောက်ရန်ခက်ခဲနေပြီး အချို့မှာ မုံးစီးစစ်ဘေးရှောင်များ မရှိတော့ ဘူး ဆိုသည်အထိ ဖြစ်ကုန်ကြသည်ဟု စစ်ရှောင်များက ဆိုသည်။

ထိုသို့သော အခြေအနေများကြောင့် စစ်ရှောင်များကမူ ၎င်းတို့အား ယခု ၂၀၂၂ ခုနှစ်ကုန်သည် အထိ ထောက်ပံ့ ပေးစေချင်သည်ဟု ဆိုသည်။