ဖားကန့်ရှိ ပြည်သူ့စစ် စခန်းတစ်ခုကို KIA ဝင်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်? ဩဂုတ်လ ၁၁ ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ့စစ် စခန်းတစ်ခုကို ကချင်လွတ်လပ် ရေး တပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွာအတွင်း တစ်အိမ်တက်ဆင်းဝင်ရောက် စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့ (ယနေ့) နံနက် အစောပိုင်းက စံပြကျေးရွာရှိ မင်းဇင်သန့် ဦးဆောင်သည့် ပြည်သူ့စစ် စခန်းကို KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွား သည့် အခြေအနေနှင့် ပတ်သက်၍ တိုက်ပွဲဖြစ်ပွားရာ အနီးအနားတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံ အမျိုးသား တစ်ဦးက ယခုကဲ့သို့ပြောသည်။

“ဒီမင်းဇင်သန့်ဆိုတဲ့ ပြည်သူ့စစ် ခေါင်းဆောင်ရဲ့ စခန်း စံပြကျေးရွာလို့ခေါ်တယ်။ အဲ့ဒီအထဲမှာ မနေ့ညက တပ် ရင်း ၁၄ ပေါ့နော် တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ ကနေ သွားပစ်တာ သွားပစ်တော့ အဲ့မှာ နှစ်ဖက်စလုံးတော့ နည်းနည်း အထိအခိုက်တော့ ရှိတာပေါ့။ ၂ နာရီနဲ့ ၄၅ မိနစ်ကနေ KIA က ဝင်တိုက်တယ်။ ၂ နာရီနဲ့ ၄၅ မိနစ်က နေ တိုက်တာ ၇ နာရီ အထိတော့ အသံကြားတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရှဒူးဇွပ်ရှိ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အဆိုပါ ဒေသခံက ဆက် ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက “၂၉၇ တပ်ရင်းကနေ ဒီ မနက်အစောကြီး ၆ နာရီ ခွဲလောက်ကနေ လက်နက်ကြီး သယ်ဆောင်လာပြီးမှ အဲမှာ စံပြရွာကနေ ထုပြီးမှ တစ်အိမ်တက် တစ်အိမ်ဆင်း အဲ့လိုမျိုးစစ်ဆေးနေတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ဖက်က တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ သည်ဟု ဝါရာဇွပ် ပြည်သူ့စစ်က ထုတ်ပြန်ထားသည့် Drone ဓာတ်ပုံများအရ တွေ့ရသော်လည်း နှစ်ဖက် ထိခိုက် သေဆုံး ဒဏ်ရာရသည့် အခြေအနေနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာကွန်ရက်က သီးခြား အတည် မပြုနိုင် သေးပေ။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပဲ အခြေအနေမှာ ငြိမ်သက်နေသည်ဟု ဩဂုတ် ၁၁ ရက်နေ့ (ယနေ့) မွန်းလွှဲပိုင်းတွင် ဒေသခံများကပြောသည်။

ဝါရာဇွပ် ပြည်သူ့စစ် တပ်စခန်းချထားသည့် စံပြကျေးရွာသည် ယခင် စစ်အစိုးရလက်ထက်တွင် ယုဇနကုမ္ပဏီက ဒေသခံများထံမှ သိမ်းယူထားသည့် မြေနေရာများပေါ်တွင် တည်ထားသည့် ကျေးရွာဖြစ်သည်ဟု သိရသည်။

ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်းက စံပြကျေးရွာရှိ ပြည်သူ့စစ် တပ်စခန်းကို KIA က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အပြင် ယခုရက်ပိုင်းအတွင်းတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင်လည်း KIA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်သာမက လူနေအိမ်များ ကိုပါ မီးရှို့ဖျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိပဲ ကာလအတော်ကြာ ရပ်တန့်နေရာမှ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာနေသည်။