စစ်ကောင်စီ ထောင်တွင်း တရားရုံးက အယ်ဒီတာ တစ်ဦးကို ထောင် ၂ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

Ayeyarwaddy Times သတင်းဌာန၏ အယ်ဒီတာဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီ လက်အောက်ခံ ပုသိမ် ထောင်တွင်း တရားရုံးမှ သြဂုတ်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အကျဥ်းထောင် ဝန် ထမ်းအချို့က ပြောသည်။

ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ပုသိမ်မြို့၊ ငဝန်ကျွန်း သာ ၁ လမ်းရှိ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားပြီးနောက် ပုသိမ်အကျဥ်းထောင်တွင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများ က ပြောသည်။

“သူ့ရဲ့ Facebook ကနေပြီး ဆန္ဒပြတဲ့ ပုံတွေကိုတင်တယ်။ နောက်ပြီး CDM ဝန်ထမ်းတွေနဲ့ တွေ့ဆုံ အင်တာဗျူး လုပ်တာတွေ ရှိတယ်ဆိုပြီး အဖမ်းခံခဲ့ရ။ တရားစွဲခံရတာ” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ကိုမျိုးမင်ထွန်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ရသော်လည်း ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရရှိသည်ဟု အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

“သူက ရှေ့နေမငှားဘူး။ ကိုယ်တိုင်ပဲ လျှောက်လှဲတာ။ ရှေ့နေငှားလည်း ထောင်ကျမှာပဲ။ ငှားမနေဘူး။ များ သုံးနှစ် နည်း နှစ်နှစ်လို့ ပြောနေကျဗျ” ဟု တရားရှေ့နေတစ်ဦး က ပြောသည်။

ကိုမျိုးမင်းထွန်းသည် Ayeyarwaddy Times သတင်းဌာန၏ အယ်ဒီတာဟောင်းဖြစ်သည့် အပြင် မြစ်မခ သတင်း အေဂျင်စီ၏ အကြီးတန်း သတင်းထောက်ဟောင်းလည်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် ပုသိမ်မြို့ခံ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကိုလည်း ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ တို့ဖြင့် စစ်ကောင်စီ လက်အောက်ခံ ပုသိမ်ထောင်တွင်း တရားရုံးက ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် နိုင်ငံရေး အကျဥ်းသား အယောက် ၃၀၀ ကျော်နှင့် နိုင်ငံရေးအကျဥ်းသူ ၅၀ ကျော် စုစုပေါင်း ၃၅၀ ကျော် ခန့်ရှိနေသည်ဟု ပုသိမ် အကျဉ်းထောင် အသိုင်းအဝိုင်းထံမှ သိရသည်။