ကယန်း စာပေနှင့် ယဉ်ကျေးမှု ဗဟို ကော်မတီ ဥက္ကဌ သတ်ခံရမှု တရားခံ ရှာမရသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟို ကော်မတီ ဥက္ကဌ အသတ်ခံ ရမှုတွင် လက်သည် တရားခံနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာများ ဖြစ်နေသည်။

ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟို ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ခွန်းဖရန်စစ္စကို (ဆရာကို့)သည် ယနေ့ နံနက်က ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စုရှိ ၎င်း၏ ပြောင်းခြံသို့ သွားစဉ် ခြံတဲထဲသို့ ဝင်ရောက်သည့်အချိန်၌ အမည် မသိ လူငယ်နှစ်ဦးက ဆိုင်ကယ်ဖြင့် မောင်းဝင်လာပြီး ပစ်သတ်သွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြော သည်။

သူ့ကို တော်လှန်ရေး အင်အားစုများက သတ်ဖြတ်ရန် အကြောင်းမရှိဟု ဖယ်ခုံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (Pekhon PDF) မှ အသက် ၃၅ နှစ်အရွယ် ထောက်ပို့တပ်က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဆရာကို့က အာဏာသိမ်းပြီးကတည်းက ကြံ့ခိုင်ရေးက ထွက်ထားတယ်။ အာဏာသိမ်း အစတုန်းက သပိတ် အင်အားစုထဲ ပါ ပါတယ်။ ဂျပန်ကျောင်းဆင်း ပညာတတ်ပါ။ လူမှုရေး ဘာသာရေး အကုန်ပြည့်စုံပြီး ကျနော် တို့ မြို့ရဲ့ မြို့မျက်နှာဖုံးလို့ ပြောလို့ ရပါတယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့တော့ သူ့ကို ရှင်းစရာ မရှိ ပါဘူး။ ဒလန်လည်း မဟုတ်ဘူး။ လက်ရှိ စစ်တပ်နဲ့လည်း မပတ်သက်ဘူး”

ခွန်းဖရန်စစ္စကိုမှာ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အခင်း ဖြစ်သည့်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည်။

ခွန်းဖရန်စစ္စကိုမှာ စစ်အာဏာသိမ်းကာလ အစောပိုင်းတွင်လည်း ဆန္ဒဖော်ထုတ်သည့် လူငယ်များ ဖမ်းခံရစဉ် တုန်းကလည်း ၃ ကြိမ်တိတိ ညှိနှိုင်ပြီး ကယ်ထုတ်ပေးခဲ့သည့်အပြင် ၎င်း၏ သားဖြစ်သူမှာလည်း လက်ရှိ အချိန် အထိ ဖယ်ခုံမြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကော်မတီ ၂၁ ဦးတွင်လည်း ပါဝင်သည်ဟု ဖယ်ခုံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ က တာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် ကရင်နီအမျိုးသား ကာကွယ်ရေး တပ်မတော် (KNDF) တပ်ရင်း-၃ ဖယ်ခုံဇုန် ဥက္ကဋ္ဌဖြစ်သူ ခွန်ပီးတူ လေးနှင့် တပ်ရင်းမှူးထက်စိုး တို့မှာလည်း ကယန်းမျိုးဆက်များ ဖြစ်ပြီး အသတ်ခံရသူ ခွန်းဖရန်စစ္စကိုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများရှိသည်ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“ဒီလို နိုင်ငံရေး အရှုပ်ကာလမှာ လုပ်ကြံခံရတာက ပါတီစွဲကြောင့်လား၊ နောက်ခံ အဖွဲ့စည်းကြောင့်လား၊ အသုံး ချခံ ဖြစ်လို့လား ကျနော်တို့လည်း အဖြေ ရှာမရသေးဘူး။ ဒီအချိန်မှာတော့ သက်သေ အထောက်ထားလည်း မရှိ တော့ ဘယ်သူဘယ်ဝါဆိုတာ ပြောလို့မရသေးဘူး။ ကယန်းလူမျိုး တစ်ခုလုံးနဲ့ ဆိုင်တဲ့ ဥက္ကဋ္ဌကို ဒီလိုလုပ် သွားတဲ့ အပေါ် ကျနော်တို့ လုံးဝ လက်မခံဘူး။ ကယန်းလူမျိုးအတွက် သူ့လိုလူတစ်ယောက်က အစားထိုးလို့ မရဘူး။ လူမျိုးအတွက် အရမ်းနစ်နာတယ်”

ယခုကဲ့သို့ နိုင်ငံရေး ရှုပ်ထွေးနေသည့် ကာလတွင် ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ခွန်းဖရန် စစ္စကို လုပ်ကြံသတ်ဖြတ်ခြင်းသည် မှန်ကန်သော ပြဿနာ ဖြေရှင်းနည်း မဟုတ်ကြောင်း ကယန်းစာပေနှင့် ယဉ် ကျေးမှု ဗဟိုကော်မတီမှလည်း သဘောထား ထုတ်ပြန်ထားသည်။

ခွန်းဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်မှုသည် ကယန်းစာပေနှင့် ယဉ်ကျေးမှု အတွက်သာမက ကယန်းလူမျိုးများ အတွက်လည်း များစွာထိခိုက် နစ်နာဆုံးရှုံး ရသောကြောင့် မိမိတို့ ကော်မတီ အနေဖြင့် လက်မခံနိုင်ကြောင်းနှင့် ထိုသို့ လုပ်ကြံမှုကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဖရန်စစ္စကိုသည် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရစီ ရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်တွင် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သော လွှတ်တော် ကိုယ် စားလှယ် တစ်ဦး ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ၎င်းမှာ စစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်မှစပြီး USDP ပါတီမှ နှုတ်ထွက်ကာ ကယန်း စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ လုပ်ငန်းများအပြင် ဖယ်ခုံမြို့အတွင်း လူမှုရေး၊ ဘာသာရေး လုပ်ငန်းများ ကိုသာ လုပ်ကိုင်နေသူ ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။