ကာလရှည် တိမ်းရှောင်နေသူ၏ နေအိမ်တွင် လက်နက်များတွေ့သည်ဆိုကာ ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်၏ နေအိမ်တွင် လက်နက်များတွေ့ရှိသည်ဟု စစ်တပ်က ထုတ်ပြန်ပြီးနောက် ချိပ်ပိတ်လိုက်သည်ဟု နီးစပ်သူ များက ပြောသည်။
ပေါင်မြို့နယ်၊ ကော့ကံကျေးရွာရှိ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောဆန်းဝင်း နေအိမ်ကို စစ်ကောင်စီ က လာရောက်ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
”အိမ်ထဲမှာ လက်နက်တွေ တွေ့တယ်ဆိုပြီးတော့ အိမ်ကို လာချိပ်ပိတ်သွားတာပဲ။ ဦးစောဆန်းဝင်းတို့က ရှောင်နေ တာကြာပြီး အိမ်မှာမရှိကြဘူး” ဟု NLD ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သြဂုတ်လ ၇ ရက်နေ့က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထဲ ဝင်ရောက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နှင့် စနိုက်ပါ မှန်ပြောင်းတလက် တွေ့ရှိကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ဩဂုတ်လ ၉ ရက်နေ့က ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု NLD ပါတီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဦးစောဆန်းဝင်း၏ နေအိမ်တွင် လက်နက်အချို့တွေ့ရှိသည်ဟု ဆိုပြီးနောက် ဦးစောဆန်းဝင်းသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟု ဆိုပြီး နေအိမ်ကို စစ်တပ်က လာရောက်ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးစောဆန်းဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည်မှာ ကြာပြီဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဦးစောဆန်းဝင်းကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်မှ အခြား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးဇော် ဇော်ထူး ၏ နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။
မွန်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ်၊ NLD ပါတီဝင်၊ NLD ပါတီ ထောက်ခံသူများ၏ နေအိမ်များ ချိပ်ပိတ်ခံရမှု ဆက်တိုက်ရှိနေသည်။