တောင်ကြီးတွင် ဆီဈေး ဆန်ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် တစ်ပတ်ကျော်အတွင်း အခြေခံ စားသောက်ကုန်များဖြစ်သည့် စား အုန်းဆီနှင့် ဆန်ဈေးများ ထပ်မံမြင့်တက်လာသည်ဟု မြို့တွင်းရှိ ဆန်နှင့်ဆီ လက်လီ/ကား ရောင်းဝယ်ရေး ဆိုင် ပိုင်ရှင်များက ပြောသည်။
စားအုန်းဆီများသည် နိုင်ငံခြားမှ တင်သွင်းသည့် စားသုံးကုန်ဖြစ်သည့်အတွက် ဒေါ်လာစျေးအတက်အကျပေါ် မူတည်၍ စျေးတက်လာခြင်း ဖြစ်သည်ဟု သိရသည်။
“စားအုန်းဆီတွေ၊ ရောနှောဆီတွေ တော်တော်များများက နိုင်ငံခြားက သွင်းတာဆိုတော့ ဒေါ်လာဈေး ပေါ်မူ တည်ပြီး ဈေးလိုက်တက်ရတာပါ။ ပြီးတော့ ကြားထဲမှာ နိုင်ငံခြား ကုမ္ပဏီတွေကို ဒေါ်လာ ပေးမကိုင်တော့တာ သွင်းကုန် အရေအတွက် ကန့်သတ်လိုက်တာ အဲဒီ ပြဿနာတွေလည်း ရှိတယ်” ဟု နိုင်ငံခြား အမှတ်တံဆိပ် စားသုံးဆီ အမျိုးမျိုးရောင်းဝယ်ရေး ကုမ္မဏီမှ အသက် ၄၅ နှစ်အရွယ် မန်နေဂျာတစ်ဦး က ပြောသည်။
“နောက်တစ်ချက် အနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာက ဝယ်လိုအားများတဲ့ ကုန်ပစ္စည်းကို ဈေး ဆွဲတင်တဲ့ အကျင့်လေး ရှိတယ်။ အရင်တုန်းက ပဲဆီတွေ ဈေးကြီးတော့ နေကြာဆီ ပြောင်းစားကြတယ်။ အဲဒီ တော့ နေကြာဆီ ဝယ်လိုအား များလာပြီး ဈေးတက်လာတယ်။ နောက်တော့ ဈေးသက်သာတဲ့ စားအုန်းဆီ ပြောင်းစားကြတယ်။ အခုမြင်တဲ့ အတိုင်းပဲ စားအုန်းဆီဈေး အရမ်းမြောက်နေပြီ” ဟု ၎င်းက ဆက်ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ဩဂုတ်လ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ ဈေးနှုန်းမှာ အမျိုးစားပေါ် မူတည်၍ ၉,၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ ယခု ဩဂုတ်လ ဒုတိယ အပတ်တွင် ကျပ် ၁၀,၀၀၀ ကျော်အထိ ရောင်းဈေး ရှိနေသည်ဟု မြို့တွင်း စားသုံးဆီ အမျိုးမျိုးရောင်းဝယ်ရေး ဆိုင်လုပ်ငန်းရှင်များ က ပြောသည်။
အဆိုပါ စားအုန်းဆီများမှာ တစ်ပိဿာလျှင် ၁,၀၀၀ ကျပ် နီပါး မြင့်တက်လာနေသည်ဟု သိရသည်။ စားအုန်းဆီ စျေး မတန်တဆ ဈေးနှုန်းမြင့်လာမှုကြောင့် နိုင်ငံခြား အမှတ်တံဆိပ် ဟင်းသီးဟင်းရွက် ရောနှောဆီများ ပင်လျှင် စားအုန်းဆီဈေးထက် ပိုသက်သာနေပြီး စားအုန်းဆီမှာ နေကြာဆီဈေး ဈေးနှုန်းနှင့် ဆတူဖြစ်နေသည်ဟု သိရ သည်။
အာဏာ သိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် တောင်ကြီးမြို့ပေါ်က အခြေခံ လူတန်းစားများနှင့် စားသောက်ဆိုင်ဖွင့်ထားသူများသည် ဈေးသက်သာသည့် စားအုန်းဆီများကိုသာ အဓိက အားထားနေရခြင်း ဖြစ်သည်။
သို့သော် လတ်တလော စားအုန်းဆီ ဈေးနှုန်းမှာ အဆမတန် မြင့်တက်လာမှုကြောင့် နိုင်ငံခြား အမှတ်တံဆိပ်နှင့် ပြည်တွင်း ရောနှောဆီများကို ပြန်လည်သုံးစွဲနေရကြရသည်ဟု ဆိုသည်။
လက်ရှိ တောင်ကြီးမြို့တွင် စားအုန်းဆီ အစားထိုး အနေဖြင့် မြို့တွင်းထုတ် အမှတ်တံဆိပ်များ ဖြစ်သည့် ရွှေပဲ၊ အေးသူဇာ၊ စိန်၊ ကျောက်စိမ်း စသည့် ရောနှောဆီများနှင့် နိုင်ငံခြား အမှတ်တံဆိပ် ရောနှောဆီ၊ နေကြာဆီများ ကိုသာ အသုံးပြုနေကြသည်ဟု သိရသည်။
အလားတူ တောင်ကြီးမြို့တွင် တစ်ပတ်ကျော်အတွင်း ဆန်ဈေးမှာလည်း အဆမတန် မြင့်တက်လာပြီး ယခင် ဩဂုတ်လ ပထမပတ်တွင် တံဆိပ် အမျိုးမျိုးပေါ် မူတည်၍ ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်တစ်အိတ်လျှင် ၈၅,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခု ၁၀၅,၀၀၀ ကျပ် အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။
“ဓါတ်ဆီ ဈေးတက်တော့ ဆန်ဈေးက လိုက်တက်ရတာပေါ့။ ဓါတ်ဆီက လိုသလောက် ဝယ်မရတော့ ဆန်က လည်း တင်လို့မရဘူး။ ကျမတို့ဆိုင်က ဈေးတင်နေတာ မဟုတ်ဘူး။ မူရင်း ဝယ်ရတဲ့ ဆန်ကုန်သည်တွေက ဈေး တင်ရောင်းနေတာ။ အခု ပေါ်ဆန်းမွှေး ဈေးတက်တော့ ရောင်းအား ကျသွားတယ်။ ဆန်လတ်နဲ့ ရှမ်းဆန်တွေပဲ ပိုဝယ်ကြတယ်” ဟု တောင်ကြီးမြို့ မြို့မဈေးအနီးရှိ ဆန်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
တောင်ကြီးမြို့တွင် တစ်ပတ်ကျော်အတွင်း ရွှေဘိုပေါ်ဆန်းမွှေး သာမက ဖျာပုံ ပေါ်ဆန်းမွှေးနှင့် အခြား ဗမာဆန် များ၊ ဆန်လတ်နှင့် ရှမ်းဆန်များမှာလည်း တစ်ပြည်လျှင် ၁,၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း ဆန်ဆိုင်ပိုင်ရှင်များက ပြောသည်။
ထိုကဲ့သို့ ဆန်ဈေး အဆမတန် မြင့်တက်လာမှုကြောင့် အခြေခံ လူတန်းစားများမှာ စားဝတ်နေရေး ပိုမိုခက်ခဲ လာ နေပြီး လူလတ်တန်းစားများပင်လျှင် ဆန်ကို အိတ်လိုက် မဝယ်နိုင်ကြတော့ပဲ တစ်ပြည် နှစ်ပြည် စသည် ဖြင့်သာ ဝယ်ယူ စားသောက်နေကြရသည်ဟု သိရသည်။