ပျူစောထီး အဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းက ပျူစောထီးအဖွဲ့ဝင် သတင်းပေး ဟုဆိုသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။

ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်က ပျူစောထီးအဖွဲ့ဝင် သတင်း ပေးဆိုသူ အသက် ၅၅ နှစ်အရွယ် ဦးမောင်ထွေးဆိုသူ ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ခြံဝင်းထဲက သူ့အိမ်ရှေ့မှာကို ပစ်ခံရတာ။ တောခုတ်နေတော့ သေနတ်သံ မကြားလိုက်မိဘူး။ ရွာသားတွေ ပြောမှသိရတာ။ ပစ်ခံရပြီး နာရီဝက်လောက်မှာ စစ်တပ်က ရောက်လာပြီး စစ်ဆေးတယ်။ ပြီးတာနဲ့ အလောင်း ထားခဲ့ပြီး ပြန်သွားကြတယ်” ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

ဦးမောင်ထွေးကို သြဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က ၎င်း၏နေအိမ်အရှေ့တွင် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

သေဆုံးသူ ဦးမောင်ထွေးသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အမြဲအတူတူ သွားလာနေထိုင်တတ်ပြီး ကျေးရွာ အတွင်းရှိ ၎င်းနှင့်အမြင်မတူသူ ရွာသားအချို့ကိုလည်း လက်ညှိုးထိုး သတင်းပေး ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေသူဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ၎င်းသည် ကျေးရွာထဲတွင်လည်း သေနတ်ကိုင်ပြီး သွားလာနေသူ ဖြစ်သည်ဟု သိရသည်။ ၎င်း၏ နေအိမ်ခြံဝင်းကိုလည်း အတားအဆီး အကာအရံများ ပြုလုပ်ထားသည်ဟု ရွာသားများက ဆိုသည်။

ဦးမောင်ထွေးကို လောင်းလုံးမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ LLPDF မှ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဩဂုတ်လ ၁၅ ရက်နေ့ ညပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ LLPDF အနေဖြင့် ဦးမောင်ထွေးကို စစ်ကောင်စီနှင့် ပူး ပေါင်းခြင်း မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးထားခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ အခြားသော ပျူစောထီးအဖွဲ့ဝင်များ၊ သွေးသောက်အဖွဲ့များနှင့် သတင်းပေးဒလန်ဆို သူများကိုလည်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ၎င်းတို့၏လုပ်ရပ်များကို ရပ်တန့်ကြရန် အပြင်းအထန် သတိ ပေးထားပြီး ရပ်တန့်ခြင်းမရှိပါက ယခုကဲ့သို့ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်ဟု LLPDF အဖွဲ့၏ ထုတ်ပြန်ချက်အတွင်း ထည့်သွင်းရေးသား ထုတ်ပြန်ထားသည်။