ပြည်သူ့စစ်ကား မြိတ် လေယာဉ်ကွင်းအနီး မိုင်းဆွဲ ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။

မြိတ်မြို့ လေယာဉ်ကွင်းအနီးတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦးခန့် လိုက်ပါလာသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

မြိတ်မြို့၊ ကန်ဖျားမြေနီလမ်းဆုံ လေယာဉ်ကွင်းအနီးတွင် ပြည်သူ့စစ်အဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီး သြဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၆ နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

“မနက်စောစောကြီး ဂျိမ်းဆိုပေါက်ကွဲသံ အကျယ်ကြီးက အိမ်ပါတုန်သွားတာ။ ခဏအကြာ အရေးပေါ် လူနာ တင် ကားသံတွေကြားရတယ်။ လူရှင်းမှသွားကြည့်တာ စားသောက်ဆိုင်ရှေ့က မျက်ခင်းပြင်မှာ ချိုင့်ဖြစ်ပြီး ဖွာ လန် နေတာပဲ” ဟု ဒေသခံတစ်ဦး ကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့သည်ဟု ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းသွားလမ်းလာနှင့် အနီးဝန်းကျင် တွင် နေထိုင်သူများကို စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်သည် ဟု သြဂုတ် ၁၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထိုသတင်းထုတ်ပြန်ချက် အတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့များက “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု လည်း ဖေါ်ပြထားသည်။