သတင်းပေး ဆိုသူ တစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။

စစ်ကောင်စီထံ သတင်းမပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက သတိပေးခံထားရသူ အမျိုးသားတစ်ဦး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

နဘုလယ်အုပ်စု၊ ဘဝါကမ်းခြေကျေးရွာက စစ်ကောင်စီ သတင်းပေးဆိုသူ အသက် ၅၇ နှစ်အရွယ် ဦးသံချောင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

“သေနတ်သံက လေး-ငါးချက် ပစ်သံကြားရတယ်။ ရင်ဘတ်နဲ့ နံစောင်းတွေမှာ ထိသွားတယ်လို့ သွားကြည့်ပြီး ပြန်လာသူ တယောက်က ပြောလို့သိရတယ်။ ကိုယ်တိုင်တော့သွားမကြည့်ရဲဘူး” ဟု အသက် ၅၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။

ဦးသံချောင်းသည် သြဂုတ်လ ၁၅ ရက်နေ့၊ ည ၈ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

နေအိမ်တွင် ရှိနေသည့် ဦးသံချောင်းကို အမည်မသိ လူလေးဦး ရောက်လာကာ အိမ်ပေါ်မှ ခေါ်ချပြီးနောက် သေ နတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးသံချောင်းသည် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် ရင်းနှီးသူ တစ်ဦးဖြစ်ပြီး အတူသွားလာ ကာ စစ်ကောင်စီထံ PDF များ၏ လှုပ်ရှားမှု သတင်းများကို ပေးပို့နေသူ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထိုသို့သောလုပ်ရပ်ကြောင့် ဦးသံချောင်းသည် ဒေသခံ PDFအဖွဲ့များက အကြိမ်ကြိမ် သတိပေးစာ ပေးပို့ခံရသူ တစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများကပြောသည်။

အလားတူ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သည်လည်း ပြီးခဲ့သည့် လအတွင်းက သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ် ခံရပြီး သေဘေးမှ လွတ်မြောက်ကာ ကျေးရွာမှထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရွာသားများ၏ ပြောပြချက် အရ သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ညက ပစ်ခတ်ခံရပြီး သေဆုံးသူ ဦးသံချောင်း၏ ရုပ်အလောင်းကို သြဂုတ်လ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ကျေးရွာရှိ သုဿန်တွင် မိသားစုဝင်များက မီးသင်္ဂြိုလ်ခဲ့ကြသည်ဟု သိရသည်။