ဝက်လက် စစ်ရှောင်များ ရိက္ခာနှင့် ဆေးဝါး လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် စစ်ဘေးရှောင် ပြည်သူ ၈၀၀ ကျော် အတွက် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု ဝာက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဝက်လက်မြို့နယ်နှင့် စဥ့်ကူးမြို့နယ် အစပ်က ကျေးရွာ ၁၀ ရွာကျော်က စစ်ဘေးရှောင် ပြည်သူများ နေရပ်မပြန် နိုင်သေးသည်မှာ ၄ လကျော်ကြာမြင့်ပြီ ဖြစ်သည့်အတွက် အစစအရာရာတွင် လိုအပ်နေသည်ဟု အကူအညီပေး နေသူများနှင့် စစ်ရှောင်များက ပြောသည်။
“အိမ်ကလည်း မပြန်ရတာ ၄ လ ကျော်ပြီ။ စပါးတွေလည်း မစိုက်ရတော့ စားဝတ်နေရေး လိုအပ်ချက်လည်း ရှိ တယ်။ မိုးကလည်း ရွာတော့ မိုးမလုံတလုံအိပ်ရတဲ့ အခါကျ ဖျားကြတာတွေရှိတယ်။ အလှူရှင်တွေက ကူကြပါ တယ်။ ဒါပေမယ့် အလှူရှင်နည်းတော့ လိုအပ်ချက်ကရှိနေတုန်းပါပဲ” ဟု စစ်ရှောင်ဒေသခံတစ်ဦး က ပြောသည်။
ရာသီဥတုမှာလည်း မိုးတွင်းဖြစ်နေသည့်အပြင် ပူလိုက်အေးလိုက် ရာသီဥတုပြောင်းလဲမှုများကြောင့် စစ်ရှောင် စခန်းတွင် လက်ရှိ ဖျားနာနေသူ အယောက် ၁၀၀ နီးပါးခန့်လည်း ရှိနေပြီး ဆေးဝါး အကူညီများ လိုအပ်နေသည် ဟု သိရသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ကျားကြီးက “ကျနော်တို့ အဖွဲ့ကပဲ ကူနေရတာ ပဲ။ သူတို့ကို ရှိတာလေးတွေ မျှပေးနေတယ်။ ရာသီဥတု က ပူလိုက်အေးလိုက် ဆိုတော့ ဖျားသူများတယ်။ ဆရာ ဝန်ခေါ်တော့လည်း ဆေးဖိုးပေးရတော့ ဘာမဆို လိုအပ်နေတော့တာ” ဟု ပြောသည်။
စစ်ဘေးရှောင် ပြည်သူများထဲတွင် အများစုမှာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များ ဖြစ်ကြသည်ဟု သိရသည်။
စစ်ရှောင်များအတွက် အခြေခံစားနပ်ရိက္ခာများ ဖြစ်သည့် ဆန်၊ ဆီ၊ ကုန်ခြောက်နှင့် ဆေးဝါးများအပြင် အိပ်ယာ၊ စောင်၊ အခင်း၊ မိုးကာများလည်း လိုအပ်နေသည်ဟု ဆိုကြသည်။
လက်ရှိနေကြရသည့် တဲများမှာလည်း ယာယီအတွက် ဆောက်ထားသည့် မိုးကာတဲများ ဖြစ်သောကြောင့် မိုးရွာ ချိန် အမိုးမလုံခြင်း၊ တဲများ လေထဲလှန်သွားခြင်းတို့ကြောင့် အမိုးအကာများလည်း လိုအပ်နေသည်ဟု စစ်ရှောင် များက ပြောသည်။