ခရိုင်အုပ်ချုပ်ရေးမှူး အိမ်ရှေ့ အပါအဝင် မြောင်းမြ၏ ဗုံး သုံးလုံး ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် သြဂုတ်လ ၁၉ ရက်နေ့၊ ည ၈ နာရီ အချိန်ဝန်းကျင်က ခရိုင်အုပ်ချုပ်ရေးမှူး အိမ်ရှေ့ အပါအဝင် နေရာ ၃ နေရာတွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည် ဟု သိရသည်။

မြောင်းမြမြို့ ဘောလုံးကွင်း အနီးရှိ ခရိုင်အုပ်ချုပ်ရေးမှူး အိမ်ရှေ့၊ အမှတ် ၄ ရပ်ကွက် မြို့မရဲစခန်း အနောက် ဘက်၊ ဗိုလ်ဘဌေးလမ်းက စိုက်ပျိုးရေးဘဏ်ခွဲရှေ့ နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ရုံးဝန်းအရှေ့တို့တွင်
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည်ဟု ဒေသခံများက ပြောသည်။

မြောင်းမြဒေသခံ တစ်ဦးက “စိုက်ဘဏ်ရုံးရှေ့က အရင်စပြီး ပေါက်တာ။ သုံးမိနစ်ခြားလောက် စီပဲခြားတယ်။ ဆက်တိုက်ပေါက်တာ” ဟု ပြောသည်။

လက်လုပ်မိုင်း ပေါက်ကွဲဲခြင်း ဖြစ်ပြီး လူနှင့် အဆောက်အဦ ထိခိုက်မှု မရှိဘူးဟု ရဲတပ်ဖွဲ့၏ ကနဦး သတင်းဖော် ပြချက်အရ သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ ညက စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် မြို့ဝင်ထွက်၊ ရေလမ်း၊ ကုန်လမ်းများတို့ကို ပိတ် ဆို့ စစ်ဆေး ဖမ်းဆီးသည့်အပြင် တည်းခိုခန်းနှင့် မြို့မရပ်ကွက်များကို ဧည့်စာရင်းစစ်ကာ ရှာဖွေဖမ်းဆီးစစ် ဆေး မှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။

“စစ်တပ် နဲ့ ရဲက ရမ်းသမ်းဖမ်းပြီး ငွေတောင်း ပြန်လွတ်ပေးဖို့ ဂွင်တွေ့သွားတာပေါ့။ PDF တွေ အနေနဲ့ သူတို့ကို ထိထိရောက်ရောက်လုပ်စေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောင်းမြိုနယ်အတွင်း Mytel ဖုန်းတာဝါတိုင် နှင့် ဌာနဆိုင်ရာ အဆောက်အဦး အချို့အနီးတွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခြင်း တစ်ကြိမ်တစ်ခါမှ မရှိသေး ဘူးဟု ဒေသခံများ က ပြောသည်။

မြောင်းမြမြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း Mytel ဖုန်းတာဝါတိုင် နှင့် ဌာနဆိုင် ရာ အဆောက်အဦ အချို့အနီး ဗုံးပေါက်ကွဲမှုများကြောင့် သံသယဖြင့် အဖမ်းခံရသူ ၁၀၀ နီးပါးခန့် ရှိနေသည်ဟု သိရသည်။