ဆီခွဲတန်းနည်း၍ စက်သုံးဆီ ရောင်းမလောက် ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ဓါတ်ဆီဆိုင်များ နေ့စဉ်ရောင်းရသလောက် စက်သုံးဆီ ခွဲတန်း မရသဖြင့် နိုင်ငံအနှံ့ စက်သုံးဆီများ ပြတ်တောက်နေခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းအတွင်းက စက်သုံးဆီ လုပ်ငန်းရှင် အချို့ က ပြောသည်။
စစ်ကောင်စီက ဖွဲ့ပေးထားသည့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း ကြီးကြပ်၊ ထိန်းသိမ်းရေး ကော်မတီက SME လုပ်ငန်းရှင်များကို စက်သုံးဆီများ ခွဲတန်းချပေးသော်လည်း နေ့စဉ် ရောင်းအားနှင့် ခွဲတန်း မမျှ၍ နိုင်ငံအနှံ့တွင် စက်သုံးဆီများ ပြတ်တောက်နေခြင်းဖြစ်သည်။
စွမ်းအင် ဒု-ဝန်ကြီး၊ ရေနံနှင့် ပတ်သက်သည့်တိုင်းဒေသကြီး၏ မန်နေဂျာတို့က ဦးစီးသည့် SME စီမံခန့်ခွဲမှု ၈ ဦး ပါကော်မတီက စက်သုံးဆီ တင်သွင်းဖြန့်ဖြူခြင်းကို ဝင်ရောက်ကိုင်တွယ်ကာ စာရင်းအင်းကိုများကို ထိန်းချုပ်ပြီး လုပ်ငန်းရှင် များအား ခွဲတန်းစနစ်ဖြင့် ချပေးခြင်းဖြစ်သည်ဟု စက်သုံးဆီ လုပ်ငန်းရှင်အချို့ က ဩဂုတ်လ ၁၉ နေ့ တွင် ပြောသည်။
ရန်ကုန်မြို့၊ ပြည်လမ်းရှိ လုပ်သက်ရင့် ဆီလုပ်ငန်းရှင် တစ်ဦး က ”သူတို့က အကုန် ထိန်းချုပ်ထားပြီး ဆိုင်နဲ့ စား သုံးသူ (ဆီဝယ်ယူ သုံးစွဲသူ) ကို ရန်တိုက်ပေးနေသလိုဘဲ” ဟု ပြောသည်။
တရက်လျှင် ဂါလံ ၁၀၀၀ ရောင်းအားရှိသည့် ဆိုင်အတွက် ဂါလံ ၃၀၀ ခန့်သာ ခွဲတန်းချပေးနေပြီး တနေ့ကို ၃ ကြိမ်မှ ၅ ကြိမ်အထိ၊ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဌာန)၊ SME၊ SB၊ ရဲ၊ ထွေအုပ်၊ တိုင်းရေနံ စသည့် နေရာ များကို ရောင်းချလိုက်သည့် စာရင်း၊ အရောင်းလက်ကျန်၊ ဈေးနှုန်း၊ အရောင်းဘောက်ချာ၊ ထူးခြားဖြစ်စဉ် စသည် တို့ကို အချိန်နှင့် တပြေးညီ သတင်းပို့နေရသည်ဟု သိရသည်။
ဒေါ်လာကို ကုမ္ပဏီများက ရှာဖွေဝယ်ယူပြီး ပြည်ပက စက်သုံးဆီကို ဝယ်ယူခွင့်ပြု၍ ရသော်လည်း ဆီဆိပ်ကမ်း ရောက်လာပါက ဆီနှင့်ပတ်သက်သော ကိစ္စအဝဝကို ကုမ္ပဏီက စီမံခန့်ခွဲမှု လုပ်ခွင့်မရှိဘဲ ဖြစ်နေသည်ဟု ရန်ကုန် က စက်သုံးဆီ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
သြဂုတ်လ ၁၇ ရက်နေ့က လုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားမှ စက်သုံးဆီ အလုံအလောက်ရရှိမှာ ဖြစ်ပြီး ယခုလတ်တလော ဆီဂါလံ ၁၃ သိန်း ဆိပ်ကမ်းတွင် ချနေပြီဟု သတင်း ထောက်တဦး၏ အမေးကို ဖြေကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဆီလုပ်ငန်းရှင်များက ပြောဆိုလာခြင်း ဖြစ်သည်။
ဆီထုတ်ရန် ဆီဘောက်ဆာကား ဂါလံ ၃၂၀၀၊ ၄၄၀၀၊ ၈၀၀၀ အစရှိသည်တို့ကို ငှားရမ်းကာ ဆီသွားထုတ်စဉ်မှာ ဂါလံ ၄၀၀ သာရသည့်အတွက် ဂါလံ ၃၂၀၀ ဂါလံကားသည် ဂါလံ ၄၀၀နှင့် ကားငှားခ မကိုက်၍ ပြန်မလာ နိုင်သ ဖြင့် ဆီဆိုင်များ အချင်းချင်း ပူးပေါင်းကာ သယ်ယူရသောကြောင့် အချိန်မှီ ဆီမရောက်နိုင်ခြင်းကြောင့် ဖြေရှင်း ချက် အမျိုးမျိုးပေးရသည် ဟု လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
”သူတို့ သတ်မှတ်ထားတဲ့ ခွဲတန်းကလဲ အရင်က တရက်တောင်ရောင်းဖို့ မလောက်တဲ့ ပမာဏကို ၄ ရက် လောက် ရောင်းခိုင်းပြီး ဆီကုန်ပြီ ဆိုင်ပိတ်တယ်လို့ သတင်းကြားရင် တိုင်ကြားရင်တွေ့ရှိရင် အရေးပေါ် ကုန်ပစ္စည်းများ အက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး နေ့တိုင်းလိုလို စာတွေထုတ်နေတော့ ပြည်သူနဲ့ ဆီဆိုင်ကြား အဆင်မပြေမှု တွေ ဖြစ်တယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ဆက်ပြောသည်။
ယခု SME စီမံခန့်ခွဲမှု ၈ ဦး ပါ ကော်မတီ၏ လုပ်ငန်းစဉ်အရ ဆီတင်သွင်းသည့် ကုမ္ပဏီကြီးနှင့် အကျိုးတူအဖြစ် အလုပ်သဘောအရ ဆက် ဆံရပြီး SME ဆိုင်ခွဲများက ဆီလိုအပ်ချက်အတိုင်း မှာယူနေရသည်ဟု သိရသည်။
”စီးပွားရေး တွက်ခြေမကိုက်လို့ ဆိုင်နားမယ် ပိတ်မယ်ဆိုလည်း မရဘူး။ ပိတ်မယ်ဆို အပြီးပိတ်ရမယ်၊ လိုင်စင် ပါ ပြန်အပ်မယ် ဆိုပြီး ခြိမ်းခြောက်တဲ့ အမိန့်စာတွေကလည်း ခဏခဏ ထုတ်နေတော့ ဆိုင်အသိမ်းခံရမှာစိုးလို့ ဆက်လုပ်နေရတယ်” ဟု အလတ်စား ဆီလုပ်ငန်းရှင်တစ်ဦး က ပြောသည်။
ထို့အပြင် အထက်အဆင့်ဆင့်ကို အဆင့်လိုက် လိမ်လည်နေကြသည့် အခြေအနေများကြောင့် တချိန်ချိန်တွင် လူအုပ်ကြီး ဖြစ်လာကာ ဆီဆိုင်များအပေါ် ပေါက်ကွဲလာနိုင်သည်ကို ဆီပန့်ဆိုင်ရှင်များက စိုးရိမ်နေကြသည် ဟု သိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ အစည်းအဝေးတွင် တပ်ချုပ်မင်းအောင်လှိုင်က ရုရှား နိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ ယခုလကုန်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်ပြီး စက်သုံးဆီနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း ပြောဆိုထားသည်။
”တကယ်တော့ စက်သုံးဆီ လုပ်ငန်းကို စစ်တပ်နဲ့ သူ့ပါတနာတွေ အပိုင်စီးကြတော့မှာ။ အခုပဲ ကော်မတီ ထပ်ဖွဲ့ ပြန်ပြီ။ ဗိုလ်ညိုစောဆိုတာနဲ့ ရုရှားနဲ့ ဘယ်လိုတွေ လုပ်မလဲမသိဘူး။ သေချာတာကတော့ မြန်မာ့ မြေ ရေ တခုခု နဲ့ အလဲအထပ် ရိုက်မဲ့သဘောဘဲ” ဟု ပြည်မြို့က အသက် ၅၅ နှစ် အရွယ် အမည်မဖော်လိုသည့် နိုင်ငံရေးတက် ကြွ လှုပ်ရှားသူ တစ်ဦး က ပြောသည်။
ရန်ကုန်မြို့ စက်သုံးဆီဆိုင်များကို သြဂုတ်လ ၂၀ ရက်နေ့တွင် 92 အောက်တိန်း တလီတာ ၂၄၀၀ ကျပ်၊ 95 အောက်တိန်း တစ်လီတာ ၂၄၉၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၈၉၅ ကျပ် မန္တလေးတွင် အောက်တိန်း 92 တစ်လီတာ ၂၄၅၀ကျပ်၊ 95 အောက်တိန်း တစ်လီတာ ၂၅၄၀ ကျပ် နှုန်းဖြင့် ရောင်း ချနေသည် ဟု သိရသည်။
GlobalPetrolPrice ဝက်ဆိုက်ဘ်တွင် ဖော်ပြထားချက်အရ စင်ကာပူနိုင်ငံမှ လက်ရှိ ဈေးကွက်ပေါက်ဈေးမှာ စက် သုံးဆီ ၁ ဂါလံဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၇ ဒေါ်လာ ကျော်ရှိပြီး ရုရှားနိုင်ငံမှ စက်သုံးဆီ ၁ ဂါလံ ဈေးနှုန်း သည် ၃ ဒေါ်လာကျော်သာ ရှိသည်ဟု သိရသည်။