တပ်စွဲထားသည့် စာသင်ကျောင်းရှေ့မှ ဖြတ်သွားသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် တွင် အသက် ၁၉ နှစ် အရွယ် ရွာသားလူငယ်တစ်ဦးကို စစ် ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ရွာသားများက ပြောသည်။
သေဆုံးသွားသူမှာ ကလုံးထာကျေးရွာမှ ကိုသန့်ဇင်ထွေး ဖြစ်ပြီး သူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ကျေး ရွာ စာသင်ကျောင်းရှေ့မှ ဆိုင်ကယ်နှင့် ဖြတ်သွားချိန် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ရွာသား တစ်ဦးက ပြောသည်။
“စပြီး အပစ်ခံရတုန်းက ဘယ်သူမှန်းမသိဘူး။ အပစ်ခံရတယ်ဆိုတာပဲ သိတာ။ မနေ့က ၁၉ ရက်နေ့ ညနေပိုင်းမှ ဘယ်သူဆိုတာ အတည်ပြုနိုင်တာ။ အလောင်းတော့ ဒီနေ့ မနက်ပိုင်း အထိ ပြန်မရသေးဘူး” ဟု အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
ကိုသန့်ဇင်ထွေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ် သတ်ခဲ့ခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့အထိ အလောင်းပြန်မရသေးဘူးဟု ရွာသားများကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းမှစ၍ ကလုံးထာကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့် ရောက်ရှိလာပြီး ဥယျာဉ်ခြံမြေများ အတွင်း PDF စခန်းများကို တောနင်းရှာဖွေမည်ဆိုသည့် ခေါင်းစဉ်ဖြင့် ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
ထို့နောက် သြဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကလုံးထာ စာသင်ကျောင်းအတွင်း တပ်စွဲတားကာ ရွာအနီးဝန်း ကျင်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လူနေအိမ်အချို့ နှင့် ဈေးဆိုင်ခန်းများအတွင်း ဝင်ရောက် မွှေ နှောက်ရှာဖွေ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း ဆက်လက် တပ်စွဲထားသဖြင့် ရွာသားများ အားလုံးနီးပါးက စိုးရိမ်ကြောက်ရွံ့ကာ နေအိမ်များမှ စွန့်ခွာထွက်ပြေးနေကြရသည်။ ရွာသား အချို့မှာ ဘုန်းကြီး ကျောင်းနှင့် နီးစပ်ရာ တောတောင်၊ ဥယာဉ်ခြံများအတွင်း သွားရောက် တိမ်းရှောင်နေကြရသည် ဟု ဒေသခံများ က ပြောသည်။
ရွာသားများ တိမ်းရှောင်နေရသည့် အချိန် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် နေစရာ အမိုးအကာနှင့်ဆေးဝါး စားရိက္ခာများ လိုအပ်နေသည်ဟု ဆိုသည်။ ယခု ထွက်ပြေးနေကြရသူများထဲတွင် အသက်ကြီးရွယ်အိုများနှင့် ကလေးငယ်များလည်း ပါသည့်အတွက် ကျန်းမာရေး ထိခိုက်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိ သည်။
ဓါတ်ပုံ – အပစ်ခံရသူ ကိုသန့်ဇင်ထွေး