ခရီးသည်များ၏ ကိုယ်ရေးမှတ်တမ်းယူရန် အဝေးပြေးယာဉ်လိုင်းများအား ညွှန်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်တွင်းရှိ အဝေးပြေးယာဉ်လိုင်းများတွင် လိုက်ပါမည့် ခရီးသည်များ၏ ကိုယ်ရေးမှတ်တမ်းများအား သက်ဆိုင်ရာ ယာဉ်လိုင်းများမှ ရယူထားရန် စစ်ကောင်စီမှ ညွှန်ကြားထားသည်ဟု သိရ သည်။

မူဆယ်ခရိုင်အတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်များ အ‌နေဖြင့် ခရီးသွားလက်မှတ် ရောင်းချရာတွင် ခရီး သည်များ၏ အချက်အလက်များကို ပြည့်စုံစွာ ရယူထားရန် မူဆယ်ရိုင် ဦးစီးမှူး ဦးအောင်ကျော်လင်းမှ ဩဂုတ် လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ယာဉ်မောင်းများက ပြောသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ တောင်ကြီး- မူဆယ်ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုက ယာဉ်မောင်းအား မေးမြန်း ရာတွင် “ဘာမှမထူးပါဘူး။ အရင်ကလည်း အဲဒါတွေ ပေးရပါတယ်။ ယာဉ်လိုင်းက မစစ်လည်း ဂိတ်တွေမှာ စစ် တပ်က စစ်မှာပါ။ အခုက ယာဉ်လိုင်းက လူတွေကိုပါ တစ်ခါတည်း စစ်ခိုင်းတဲ့ သဘောပေါ့။ ယာဉ်လိုင်းတွေက အလုပ်ပိုတာပေါ့” ဟု ပြောသည်။

မူဆယ်ခရိုင်အတွင်း အဝေးပြေးယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါကြမည့် ခရီးသည်များ၏ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို ရယူပြီးမှ လက်မှတ်ရောင်းချရန် ညွှန်ကြားထားသည်ဟု သိရသည်။

ထို့အပြင် လမ်းတွင်လိုက်ပါမည့် ခရီးသည်များကိုလည်း ထိုကဲ့သို့ နောက်တစ်ကြိမ် မှတ်တမ်းယူစေပြီးနောက် ထိုင်ခုံမှတ်တမ်း (Seating Plan) ထားရှိရန် ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ထို့ပြင် ခရီးသည်များ တင်ဆောင်သည့် အချိန်တွင်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်နှင့် တိုက်စစ်ရန်လည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၅ လအကြာ ၂၀၂၁ ခုနှစ် ဇူလိုင်လခန့် ကတည်းက အဝေးပြေးကားများတွင် လိုက်ပါသည့် ခရီးသည်များ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်၊ နေရပ်လိပ်စာ၊ ဆက် သွယ်ရမည့် ဖုန်းနံပါတ်နှင့် COVID-19 ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ် စသည်တို့ကို စစ်ကောင်စီ၏ စစ် ရေး ဂိတ်တိုင်းတွင် စစ်ဆေးနေကြဖြစ်သည်ဟု အဝေးပြေးကားမောင်သူများက ဆိုသည်။

မူဆယ်မြို့က အဝေးပြေးယာဉ်လိုင်းဖြင့် မကြာခဏ ခရီးသွားလာနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက “ကျမတို့က မူဆယ်နဲ့ တခြားမြို့တွေ သွားလိုက် ပြန်လိုက် လုပ်နေတော့ ဒါတွေက အစစ်ခံနေကြပါ။ မပါရင် တအားရစ်ပါတယ်။ ငွေညှစ်ခံရတယ်။ အခန့်မသင့်ရင် သံသယဖြစ်မှုနဲ့ ဖမ်းဆီးခံရနိုင်တယ်။ အဓိက ပြောချင်တာတော့ ဒါတွေအပြင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်းလက်မှတ် ဆောင်ထားဖို့ပါပဲ” ဟု ပြော သည်။

ထိုကဲ့သို့ အဝေးပြေး ယာဉ်လိုင်းများအား ခရီးသည်များ၏ ကိုယ်ရေးမှတ်တမ်း ရယူခိုင်းနေခြင်းမှာ မူဆယ် ခရိုင် တွင် သာမကပဲ တစ်နိုင်ငံလုံးနီးပါးက ယာဉ်လိုင်းများ ပါဝင်သည်ဟု သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်ထားသည့်အတွက် တော်လှန်ရေး အင်အားစု များအနေဖြင့် အဝေးပြေးယာဉ်လိုင်းများကို အသုံးပြုပြီး လက်နက်ခဲယမ်းများသယ်ယူရာတွင် မကြာခဏ ဆိုသ လို ဖမ်းဆီးခံနေရသည်ဟု ယာဉ်မောင်းများက ဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း ရန်ကုန် – ရေဦး ပြေးဆွဲနေသည့် သစ္စာဦး အဝေးပြေးကားပေါ်တွင် လက်နက် များတွေ့ရှိသောကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နှင့် ကားဂိတ်မှ စာရေးမ ၂ ဦးတို့အား စစ်ကောင်စီတပ် က ဖမ်းဆီးထားသည်ဟု သိရသည်။

ထိုသို့ အဝေးပြေးကားများပေါ်တွင် မကြာခဏ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိနေခြင်းကြောင့် အဝေးပြေး ယာဉ်လိုင်းများအား ခရီးသည်များ၏ ကိုယ်ရေးမှတ်တမ်း အချက်အလက်များ ရယူခိုင်းခြင်း ဖြစ်သည်ဟု အဝေး ပြေးယာဉ် မောင်းနှင်သူများက သုံးသပ်ပြောဆိုနေကြသည်။

ဓါတ်ပုံ – Myanmar Digital News