ဒီးမော့ဆို တိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၀ ဦးကျော် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု – KRU တို့ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း အကျဆုံးရှိနိုင်သည်ဟု KRU အဖွဲ့တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာ အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီ ဝန်းကျင် အချိန်ခန့်တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို KRU နှင့် ပြည်သူ့ ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် (DMO PDF) ဗျူဟာ-၃ အဖွဲ့တို့က ဆီးကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

KRU တာဝန်ရှိသူ တစ်ဦးက “မနေ့က (ဩဂုတ်လ ၂၅ ရက်နေ့) တိုက်ပွဲကို ကျနော်တို့ ခန့်မှန်းတာကတော့ ၄၊ ၅ ယောက်လောက် ကျဆုံးနိုင်မယ်ပေါ့။ ဒါပေမယ့် အတည်ပြုလို့မရဘူး ဆိုတာက အဲဒီမှာ ရွာခံတွေရှိနေတယ်။ သူ တို့ဘက်က လက်နက်ကြီးတွေ အတွဲလိုက် ပစ်ခံနေတော့ ရေရှည်ကျရင် ပြည်သူတွေထိမျာစိုးလို့ ပြန်ဆုတ် လိုက်ရတယ်ပေါ့နော်။ အထိခိုက် အကျဆုံးက ရှိပါတယ်” ဟု ပြောသည်။

ထိုနေရာတွင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပွိုင့် ၅ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်၍ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KRU, DMO – PDF ပူးပေါင်းအဖွဲ့တို့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးကာ ထိခိုက်မှုများနိုင်သည်ဟု KRU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

နှစ်ရက်ဆက်တိုက်ပွဲခဲ့သည့် တိုက်ပွဲ ၂ ခုလုံးတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်သော်လည်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု (Karenni Revolution Union – KRU) မှ တာဝန်ရှိသူက ဆက်ပြောသည်။

ထိုသို့ နှစ်ရက်တာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ဒေသခံကာကွယ်ရေးတပ်ပေါင်းစုများ၊ PDF များ နှင့် စစ်ဘေးရှောင်ပြည်သူများ ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်နေသော ကြောင့် ပြည်သူများကို ဘေးလွတ်ရာမည့်နေရာများသို့ ထပ်မံ ရှောင်ခိုင်းထားရသည်ဟု သိရသည်။

KRU အဖွဲ့မှ တာဝန်ရှိသူက “အခုစစ်ဖြစ်ထားတဲ့ အဲဒီရွာမှာ လူနေတာ နည်းတယ်ပေါ့။ ကိုယ့်လယ်ကိုယ် ပြန်လာ လုပ်ကြတဲ့ ရွာခံတချို့ပဲ ရှိတယ်။ သူတို့ကိုလည်း လတ်တလော မလုပ်သေးပဲ ခနလေးရှောင်ပေးဖို့ တောင်းဆို ထားတယ်။ သူတို့လည်း လိုက်လျောပေးပါတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် လွိုကော်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရုံး (ဒစက)မှ ဒီးမော့ဆိုမြို့နယ်တွင်းရှိ ကျေးရွာများကို ညစဉ် ညတိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့်လည်း ရွာခံများအနေဖြင့် ထိတ်လန့်စိုးရိမ်နေရသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက “အခုတလော ခဏခဏပဲ။ ညဘက် လက်နက်ကြီး အသံ ကြားရင် ကျ‌နော် အိပ်မပျော်တော့ဘူး။ မအိပ်ရတာ ၃ ညရှိပြီ။ အသံကြားရင် တန်းနိုးပြီး ပြန်အိပ်မရတော့ဘူး” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင်းရှိ တိုက်ပွဲများဖြစ်ပွားနေသည့် ကျေးရွာများမှာ မိုးရာသီဖြစ်သည်နှင့်အညီ လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောကြောင့် လက်ရှိ KRU အနေဖြင့် ၎င်းတို့အား ထောက်ပို့တပ်သားများမှ စားနပ်ရိက္ခာများ အလျင်မှီ မပို့နိုင်သည့် အခက်အခဲများလည်း ရှိနေသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် လတ်တလော စစ်ရေးလှုပ်ရှားနေသော KRU (ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု)တွင် ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)၊ Fight For Justice-JPDF၊ GZ-21-PDF လွိုင်ကော်၊ SSPDF (ရှမ်းတောင် ပြည် သူ့ကာကွယ်ရေး တပ်မတော်)၊ Medic Unit- Demoso (ဆေးတပ်ဖွဲ့)နှင့် ကွန်မန်ဒိုများပါဝင်ပြီး ပြည်သူ့ကာကွယ် ရေးတပ် – ဒီးမော့ဆိုမြို့နယ် (DMO PDF)နှင့်လည်း မဟာမိတ်ပြုထားသည်ဟု သိရသည်။