တော်လှန်ရေး အမည်ခံ ငွေတောင်းသူများ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တော်လှန်ရေးကို အကြောင်းပြပြီး လုပ်ငန်းရှင်များထံ ဖုန်းဆက်ကာ ခြိမ်းခြောက် ငွေတောင်းခံသည့် ဖြစ်စဥ်များ ရှိနေသည်ဟု သိရသည်။

နိုင်ငံရေး မတည်ငြိမ်မှုအပေါ် အခွင့်အကောင်းယူပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုကို အမည်ခံထားသူများ က ကျိုက်ထိုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အချို့ထံ ဖုန်းဆက်ပြီး ခြိမ်းခြောက် ငွေတောင်းခံမှုများရှိနေသည်ကို စုံစမ်းသိရှိထားရသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

KNU သထုံခရိုင် တပ်မဟာ ၁ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကလည်း ပြည်သူလူထုအတွင်း တော် လှန်ရေးအဖွဲ့ ယောင်ဆောင်ကာ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ရှိပါက မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီထံ တိုက်ရိုက်တိုင်ကြားနိုင်သည်ဟု သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

KNU သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ အမည်ခံပြီး လုပ်ငန်းရှင် များထံ ခြိမ်းခြောက် ငွေတောင်ခံမှုများ ရှိလာပြီးနောက် ခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ အစည်းများက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

တော်လှန်ရေးအမည်ခံ ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံသည့်ကိစ္စနှင့် ပတ်သက်၍ စနစ်တကျစုံစမ်းပြီး ပြင်း ထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

KNU သထုံခရိုင် တပ်မဟာ ၁ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက”ခရိုင်တပ်မဟာအတွင်းရှိ တော် လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား ခြိမ်းခြောက်ငွေကြေး တောင်းခံမှုများမရှိစေရေး တင်း ကြပ်သည့် စည်းကမ်းများ ချမှတ်ထားပြီး အကယ်၍လုပ်ဆောင်လာပါက စနစ်တကျစုံစမ်းပြီး ပြင်းထန်စွာ အရေးယူသွားမယ်” ဟု ထုတ်ပြန်ပြောဆိုထားသည်။

လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံနေသူများသည် ကျပ်တစ်သိန်းမှ ကျပ်သိန်း ၁၀ အထိ တောင်းခံနေ သည်ဟုလည်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း တော်လှန်ရေးအမည်ခံ လူတစ်စုက မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်အများစုကို ဖုန်းဆက် ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ရှိခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။

တောင်းခံသည့်ငွေများကို မပေးလျှင် ဆိုင်ကို ဖောက်ခွဲမှု လုပ်ဆောင်မည်ဟုဆိုပြီး ခြိမ်းခြောက်နေသည့်အတွက် ကြောက်ရွံ့ကာ ဆိုင်အချို့ပင် ပိတ်သိမ်းခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။

”ဖုန်းဆက် ငွေတောင်းတဲ့ဖြစ်စဥ်က ဒီရက်ပိုင်း ဖြစ်ပွားနေတယ်လို့ သိရတယ်။ မပေးရင် ဆိုင်ကို ဖောက်ခွဲမယ် အန္တရာယ်ပြုမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်” ဟု လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

အလားတူ မုဒုံမြို့နှင့် သံဖြူဇရပ်မြို့ပေါ်က ရွှေဆိုင်အချို့တို့တွင် ခြိမ်းခြောက် တော်လှန်ရေးအမည်ခံပြီး ငွေကြေး တောင်းနေခံရသည့် ဖြစ်စဥ်ရှိခဲ့သည်ဟု သိရသည်။