လူငယ် ၆ ဦးကို သံဖြူဇရပ် ရဲစခန်း ပစ်ခတ်မှုနှင့် ပတ်သက်၍ အမှုဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်။

မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့မရဲစခန်း ပစ်ခတ်မှုဖြစ်စဥ်တွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ လူငယ် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်လိုက်သည်ဟု သိရသည်။

သံဖြူဇရပ်မြို့က မြို့မရဲစခန်းကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် သြဂုတ်လ ၁၇ ရက်နေ့၊ ညက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ လူငယ် ၆ ဦး အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်သည်။

”ရဲစခန်း တိုက်ခိုက်တဲ့ ဖြစ်စဥ်မှာ ပါတယ်ဆိုပြီး လူ ၆ ယောက် ဖမ်းဆီးပြီး အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။ သိရသလောက်ကတော့ အဖမ်းခံရတဲ့ လူငယ်တွေက စွပ်စွဲခံထားရသလို မဟုတ် ဘူး။ ဘာဆက်ဖြစ်မလဲတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သံဖြူဇရပ် မြို့မရဲစခန်းပစ်ခတ်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး သြဂုတ်လ ၂၅ ရက်နေ့က သံဖြူဇရပ် မြို့ရှိ ကြံခိုင်ရေးရပ်ကွက်တွင် နေထိုင်သည်ဘ အသက် ၃၁ နှစ်အရွယ် လင်းထွဋ်ဝင်း (ခ) ကိုပု (ခ) တရုပ်ပုဆိုသူ ကို ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်လ ၂၇ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

သံဖြူဇရပ် မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရန် ပိုင်စိုး(ခ) ပိုင်စိုးဦး ဆိုသူက လူအင်အားအပြင် လက်နက်များ ကိုပါ ထောက်ပံ့ပေးပြီး စေခိုင်းခဲ့ကြောင်း လင်းထွဋ်ဝင်း (ခ) ကိုပု (ခ) တရုပ်ပုဆိုသူက ထွက်ဆိုထားသည် ဟု လည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပါဝင်ပတ်သက်သူ ဇေယျာဝင်း ၂၅ နှစ်၊ ထွန်းထွန်းလင်း ၂၅ နှစ်၊ ဆက်နိုင်ဦး ၂၇ နှစ်၊ ဇော်ဦး ၂၈ နှစ်နှင့် ဝင်းမင်းထွန်း ၂၅ နှစ်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သံဖြူဇရပ် မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဥ်တွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၆ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀-က၊ ၅၀-စျ တို့ဖြင့် သံဖြူဇရပ် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

သံဖြူဇရပ် မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဥ်တွင် လာရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။