မိုးကုတ်တွင် နေအိမ် နှစ်လုံး ချိပ်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့က နေအိမ်နှစ်လုံးကို စစ်ကောင်စီက လာရောက် ချိပ်ပိတ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။
မိုးကုတ်မြို့ရှိ၊ သဖန်းပင်ရပ်ကွက်က နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က သောကြာနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင် အချိန်ခန့်တွင် လာရောက်ချိပ်ပိတ်သွားကာ နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ဖြစ်သည်။
အလားတူ စက်တင်ဘာလ ၇ ရက်နေ့ကလည်း မိုးကုတ်မြို့၊ ရေပူရပ်ကွက်က နေအိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်က ချိပ်ပိတ်သွားခဲ့သေးသည်ဟု ချိပ်ပိတ်ခံလိုက်ရသည့် မိသားစုနှင့် နီးစပ်သူများက ပြောသည်။
“ရှေ့တရက်က ရေပူထဲက အိမ်ကိုချိပ်ပိတ်သွားတာ။ ဒီကနေ့တော့ သဖန်းပင်က အိမ်ကိုပိတ်သွားတာ။ PDF အကြမ်းဖက်သူပုန်တွေရဲ့ အိမ်လို့ပြောပြီး ပိတ်သွားတာပါ။ နေအိမ်ထဲက ဆံပင်လေမှုတ်စက် Dryer တောင် မချန်ဘူး။ အကုန်သယ်သွားကြတယ်” ဟု အမည်မဖော်လိုသူ မိုးကုတ်မြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ကား ၅ စီးနှင့် ရပ်ကွက်အတွင်း ဝင်ရောက်လာပြီးနောက် ထိုအိမ်များကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF အဖွဲ့တို့နှင့် ပတ်သက်သည်ဟုဆိုကာ စာလာကပ်သွားခြင်း ဖြစ်သည်ဟု သိရသည်။
မိုးကုတ်မြို့က ယခုရက်ပိုင်း ချိပ်ပိတ်ခံလိုက်ရသည့် အဆိုပါ နေအိမ်နှစ်အိမ်က မိသားစုဝင်များသည် ထွက်ပြေး တိမ်းရှောင်နေရပြီး အခက်အခဲများစွာ ရှိနေသည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်း ဌာနကို ပြောသည်။
စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အရပ်သားပြည်သူများ၏ နေအိမ်နှင့် အခြားသော အဆောက် အဦများကို အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ကို အားပေးထောက်ခံသူ၊ NLD ပါတီဝင်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည် ဆိုသည့် စွပ်စွဲချက်များဖြင့် လိုက်လံချိပ်ပိတ်နေခြင်း ဖြစ်သည်။
စစ်တပ်က စတင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်အထိ စစ်ကောင်စီတပ်၏ မတရားချိပ်ပိတ် သိမ်း ဆည်းခံလိုက်ရသည့် နေအိမ်၊ အအောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ထက်မနည်းရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းပြုစုချက်များ အရသိရသည်။