ဖမ်းဆီးခံ အမျိုးသမီး ၃ ဦး မိသားစု အဆက်အသွယ်ပြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီ အမှတ် ၂၈၅ တပ်အတွင်း ဖမ်းဆီး စစ်ဆေးနေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသမီးငယ် ၂ ဦး တို့အား မိသားစု ဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးဘူးဟု ဒေသခံများက ပြောသည်။
မြိတ်ခရိုင် ပုလောမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် မကျည်းကုန်း၊ ခမောင်းတောကျေးရွာများနှင့် ပုလောမြို့တွင်း ရပ်ကွက် အချို့မှ ပြည်သူ ၁၂ ဦးကို ၂၈၅ တပ်ရင်း အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅ ရက် ကြာသည် အထိ မိသားစု ကို ဆက်သွယ်ခွင့် မပေးသေးဘူးဟု သိရသည်။
“ရွာထဲက မုန့်ဆိုင်မှာ ကောင်မလေး နှစ်ယောက် မုန့်စားနေတုန်း ပုလော PDF နဲ့ အဆက်အသွယ် ရှိနေသူတွေလို့ ပြောပြီး ဖမ်းသွားတာ။ မိသားစုတွေက စိတ်ပူနေတာပေါ့” ဟု အသက် ၄၀ ခန့်အရွယ် ခမောင်းတောရွာသား တစ်ဦး က ပြောသည်။
အဆိုပါ ဒေသခံရွာသားများကို ပုလော PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများ ဟု စွပ်စွဲကာ စစ်တပ်က ဖမ်း ဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများ အနက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသား ၉ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ပုလောမြို့တွင်း မှ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် ခမောင်းတောကျေးရွာမှ မမီးအေး အသက် ၁၈ နှစ်၊ မမိုးမိုးဖြိုး အသက် ၂၀ နှစ် တို့ ၃ ဦးကိုမူ ယခုအချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးသည့် အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပေးသေးဘူးဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။
ရွာသားများကို ဝင်ရောက်ဖမ်းဆီးခဲ့သည့် ပုလော အခြေစိုက် ၂၈၅ တပ်ရင်းသည် ခမောင်းတောကျေးရွာ၊ မန် ကျည်းကုန်းကျေးရွာတို့နှင့် အနီးဆုံးတွင်ရှိသည်ဟု သိရသည်။
လက်ရှိတွင် မြိတ် – ပုလော လမ်းပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ခြုံခို မိုင်းဆွဲ တိုက်ခိုက် ခံနေကြရသည့် အတွက် KNU ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေများထဲသို့ စစ်ကြောင်းထိုးခြင်းများ မပြုနိုင် လုပ်ကြဘူးဟု သိရသည်။
စစ်ရေးလှုပ်ရှားမှုများ မရှိသည့်နောက် ပြီးခဲ့သည့် ၃ လခန့်မှစတင်ကာ ဒေသခံရွာသားများကို ဖမ်းဆီးပြီး ငွေ ကြေးတောင်းကာ ပြန်လွှတ်ပေးခြင်းများကိုပင် စစ်တပ်က ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိနေသည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။