PDF များကို စိန်ခေါ်လေ့ရှိသူ ပျူစောထီး အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ် ခတ်ခံရပြီး နေရာတွင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျခတ်ပင်-အင်းရွာလမ်းပိုင်းတွင် ပျူစောထီးအဖွဲ့ဝင် ဦးသိန်းဇော် အသက် ၃၅ နှစ် သည် စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

“ရွာနဲ့ နည်းနည်း လှမ်းဝေးတော့ သေနတ်သံ မကြားလိုက်မိဘူး။ ရွာသားတချို့ အပြေးအလွှား သွားကြည့်ကြလို့ လိုက်သွားကြည့်တာ။ ခေါင်းကို ကျည်ထိထားတယ်။ အလောင်းကို နာရေးကားနဲ့ ရေဖြူ ဆေးရုံကို သယ်သွား တယ်” ဟု အသက် ၃၅ နှစ်အရွယ် ကျခတ်ပင်ရွာသား တစ်ဦးက ပြောသည်။

သေဆုံးသူ ဦးသိန်းဇော်သည် သဗြေဇွန်းကျေးရွာတွင် နေထိုင်ပြီး တူမီးသေနတ်ကိုင်ဆောင် ကာ ဒေသခံ PDF အဖွဲ့ များအား အမြဲစိန်ခေါ်လေ့ရှိကြောင်း စစ်ကောင်စီ စစ်ကြောင်းများကိုလည်း လမ်းပြကူညီပေးလေ့ရှိသူဟု ဒေသခံ များ က ပြောသည်။

အလုပ်မှ နေ့လည်စာ စားရန် ဆိုင်ကယ်ဖြင့် အိမ်သို့ ပြန်လာသည့် ဦးသိန်းဇော်တို့ လင်မယား ၂ ဦးကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ကပ်လိုက်လာပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ဦးသိန်းဇော်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီး သည့် နောက်တွင် ပျူစောထီးဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများက ဆိုင်ကယ်မောင်းနှင်နေသူ ဦးသိန်းဇော်ကိုသာ ရွေးချယ်ပြီး ပစ်ခဲ့ခြင်းကြောင့် မိန်းမဖြစ်သူမှာ ဆိုင်ကယ်လဲသည့် အရှိန်ဖြင့် အနည်းငယ်ပွန်းပဲ့ ဒဏ်ရာသာ ရရှိခဲ့ပြီး အသက်ဘေးမှ လွတ်ကင်း သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။