မွန်ပြည်နယ်တွင် ကိုဗစ် ကူးစက်မှု ပြန်လည် မြင့်မားလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
မွန်ပြည်နယ်အတွင်း စက်တင်ဘာလဆန်းပိုင်းခန့်က စပြီး COVID-19 ကူးစက်မှုများ ဆက်တိုက် ပြန်တွေ့လာ နေသည်ဟု မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် အကူအညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များက တာဝန်ရှိသူများက ပြောသည်။
ပြည်နယ်အတွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ သထုံ၊ ပေါင် စသည့်မြို့နယ်တို့တွင် COVID-19 ပိုးတွေ့လူနာ တွေ့ရှိထားပြီး မော်လမြိုင်မြို့သည် ပိုးတွေ့လူနာ အများဆုံးတွေ့သည့် မြို့နယ်ဖြစ်သည်။
စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ပေါင်မြို့တွင် ကျောင်းသား/သူ ၅ ဦး အပါအဝင် ၇ ဦးတို့တွင် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“ကိုဗစ်ကူးစက်မှုက အခု ပြန်များလာနေတယ်။ ပိုးတွေ့သူတွေမှာ ပြည်ပက ပြန်လာတဲ့သူတွေရှိသလို ပြည် တွင်း ကူးစက်မှုတွေလည်းရှိတယ်။ ပေါ့ဆလို့မရဘူး၊ မွန်မှာလည်း ပိုးတွေ့လူနာတွေ ပြန်တွေ့နေတယ်” ဟု မြို့နယ် တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်နေ့ အထိ မွန် ပြည်နယ် အတွင်း၌ COVID-19 ပိုးတွေ့လူနာ ၄၇ ဦးရှိပြီဟု သိရသည်။
ပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေသည့် အတွက် မပေါ့ဆကြ ရန် နှင့် ကျန်းမာရေး အသိရှိကြရန် စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်နှင့် ကာကွယ် ဆေး များထိုးကြရန် ကျန်းမာရေးတာဝန်ရှိသူများ က တိုက်တွန်းနှိုးဆော်ထားသည်။
ကျန်းမာရေးဝန်ထမ်းတစ်ဦးက ”ကာကွယ်ဆေးမထိုးထားသူ၊ အသက်အရွယ်ကြီးရင့်သူနဲ့ ရောဂါအခံရှိသူတွေ အနေနဲ့တော့ ပေါ့ဆလို့မရဘူး” ဟု ပြောသည်။
မွန်ပြည်နယ်တွင် COVID-19 ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ်က တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် လူဦးရေ ၅၀ အထက်ရှိခဲ့ သည်။