ဆိုင်ကယ်စီးနေသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၊ တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
လမ်းမပေါ်တွင် ဆိုင်ကယ်စီးနေသည့် စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂ ဦး သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရပြီး တစ်သီးသေ၊ တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံတာကျေးရွာအနီး ရေကြည် – ငသိုင်း လမ်းမပေါ် မှာ စစ်ကောင်စီ ခန့် ရပ်/ကျေး အုပ်ချုပ်မှူး ၂ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
“ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့ လိုက်လာပြီး အနီးကပ် ပစ်သွားတာ။ အဲ့ဒီနေရာမှာပဲ ဇရပ်လှရွာ အုပ်ကြီးက ပွဲခြင်းပြီးတယ်။ ပိတောက်ချောင်ရွာ အုပ်ကြီးကတော့ ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အသက် ၄၀ နှစ် အရွယ်ရှိ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းထွန်း နှင့် ပိတောက်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ဆိုင်ကယ် မောင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပစ်ခတ်ခံရသူသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မဖြစ်ခင် က တည်းက တပ်ထောက်ခံပွဲများကို ဦးဆောင်ခဲ့သည့် မဘသ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု ရေကြည်မြို့ခံ အချို့ထံမှ သိရသည်။
ပစ်သတ်ခံရသူ ဦးတာဘူးကို ဇရပ်လှရွာ အုပ်ချုပ်ရေးမှူး အဖြစ် စစ်ကောင်စီက ခန့်ထားပြီးနောက် ၎င်းသည် ဒေသ အတွင်းရှိ CDM ဝန်ထမ်းများ၏ အမည်စာရင်းများကို လိုက်လံ ကောက်ယူသည့်အပြင် ဧည့်စာရင်း စစ်ရာ တွင်လည်း တင်းတင်းကြပ်ကြပ် လုပ်ခဲ့သူဖြစ်သည် ဟု သိရသည်။
ဦးတာဘူးတို့ နှစ်ဦး ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက်ပိုင်း ကျုံးတာကျေးရွာနှင့် မြို့အဝင်အထွက်လမ်းများကို စစ်တပ်နှင့် ရဲများရောက်လာပြီး လမ်းသွားလမ်းလာများကို စစ်ဆေးကာ လူငယ်အချို့ကိုလည်း ဖမ်းသွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က ပြောသည်။
ရေကြည်မြို့နယ်ရှိ ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး(ခ) ကျော်သိန်းဝင်း ဆိုသူကိုသာ ပစ်မှတ်ထား၍ ဧရာဝတီ နန်းထိုက်အောင်၏ ၈ ခုမြောက် မစ်ရှင်အဖြစ် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်ဟု ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရိုးမတိုက်ဂါးတပ်ဖွဲ့) က စက်တင်ဘာ ၁၅ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းတွင် သတင်း ထုတ်ပြန်သည်။
ဧရာဝတီတိုင်းအတွင်းက ရေကြည်မြို့နယ်ထဲတွင် အသုတ်၊ ရေကြည်နှင့် ငသိုင်းချောင်းမြို့တို့ပါ ဝင်ပြီး စစ်ကောင်စီ၏ ထောက်တိုင်များ ပစ်သတ်ခံမှု ၄ ကြိမ် ရှိပြီဟု သိရသည်။
အလားတူ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းကလည်း အသုတ်မြို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က မဘသ အဖွဲ့ဝင် စစ်ကောင်စီ သတင်းပေး ဦးဝင်းနိုင်ဦး ဆိုသူလည်း ပစ်သတ်ခံခဲ့ရသေးသည်။