ရိုဟင်ဂျာ ၅၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အနီး ပင်လယ်ပြင်မှ ဖမ်းဆီးမိခဲ့သော ရိုဟင်ဂျာ ၅၈ ဦးကို ထောင်ဒဏ် ၂ နှစ် စီချလိုက် သည် ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ဘိုကလေးမြို့ တရားရုံး က စစ်ကောင်စီရေတပ်က ဖမ်းထားသည့် ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် စုစုပေါင်း ၅၈ ဦးကို အကျဉ်းချုံး စစ်ဆေးပြီး လဝက ဥပဒေဖြင့် ထောင် ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

“ထောင်ကိုပို့တဲ့ သူတွေထဲမှာ မိန်းခလေးငယ်တွေ ပါနေတယ်။ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး အရ သူတို့ တွေကို အချုပ်နဲ့ထားလို့ မရဘူး။ တာဝန်ယူ အုပ်ထိန်းမယ့် ဘာသာရေး လူမှု အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင် ရွက် ရမှာဖြစ်တယ်” ဟု တရားလွှတ် တော်ရှေ့နေတစ်ဦး က ပြောသည်။

ဘိုကလေးမြို့အနီးက ဂယက်ကြီးကျွန်းအနားတွင် ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က ပျက်ပြီး မျှောလာသည့် စက်လှေပေါ်မှာ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို လဝက အက် ဥပဒေ ပုဒ်မ ၆(၃) နှင့် ၁၄ ရက်ခန့်အကြာ အကျဉ်းချုံး စစ် ဆေးပြီး အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေး ၂၅ ဦးကို ရန်ကုန်တိုင်း၊ တွံ့တေးမြို့က ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေး ကျောင်းကို ပို့မည်ဖြစ်ပြီး ကျန်သည့် လူကြီး ၃၃ ယောက်ကို ဖျာပုံ အကျဉ်းထောင်သို့ ပို့မည်ဟု သိရသည်။

ဒေသခံ မူဆလင် လူမှုရေး အဖွဲ့ဝင်တစ်ဦး ပြောပြချက်အရ ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံဖွားများ ဖြစ်ပါလျှက် နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့် အမျိုးသမီးဆိုင်ရာ အခွင့်အရေးများ ဆုံရှုံးနေ ရ သည်ဟု သိရသည်။

“တရားရုံးက မှတ်ပုံတင် ဥပဒေနဲ့ပဲ တရားစွဲပြီး တသတ်မှတ်တည်း ထောင် ၂နှစ် ချနေတယ်။ ဥပဒေအရ ခံစား ခွင့်ရှိတဲ့ တခြား အခွင့်အရေး ဆိုင်ရာကို ရှေ့နေက လျှောက်လဲတာကို ထည့်မစဉ်းစားဘူး” ဟု တရားလွှတ် တော် ရှေ့နေတစ်ဦးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတောဘက်မှ မလေးရှားတွင် အလုပ်လုပ်ရန် ပွဲစားများကို ပိုက်ဆံပေးပြီး စက်လှေဖြင့် ထွက်လာသည့် ရိုဟင်ဂျာများအနက် စက်လှေပျက် အာဟာရပြတ်ကာ ကလေး ၁ ဦး၊ အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၃ ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ က ဝါးခယ်မမြို့နယ်၊ တရားရုံးက ရိုဟင်ဂျာ ၅၆ ဦးနှင့် ရေကြည်မြို့ တ ရားရုံးက ဇွန်လ ၁၇ ရက်နေ့က ရိုဟင်ဂျာ ၅၃ ဦး တို့ကို လဝက အက် ဥပဒေ ပုဒ်မ ၆(၃) ဖြင့် ထောင် ၂ နှစ်စီ ချ မှတ်ခဲ့သည်ဟု သိရသည်။

ဘိုကလေးမြို့တွင် ဖမ်းဆီးခံရပြီး လဝက ဥပဒေ ပုဒ်မ ၆(၃) ဖြင့် ထောင် ၂ နှစ်စီ ချခံရသည့် အဆိုပါ ရိုဟင်ဂျာ ၅၈ ဦး အပါအဝင် ထောင်ဒဏ် အပြစ်ပေးခံရသည့် ရိုဟင်ဂျာများမှာ ၆လ အတွင်း ၌ ၁၆၇ ဦး ရှိနေပြီ ဖြစ်သည်ဟု တရားရုံးမှတ်တမ်းများ အရ သိရသည်။