သူခိုးမှ ဓါးဖြင့်ထိုးသဖြင့် လူတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

ကချင်ပြည်နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းအတွင်း သူခိုးဝင်ရာမှ ကျောင်း အုပ် ဆရာမကြီး၏ တူတော်စပ်သူ ဓားဖြင့် နှစ်ချက်ထိုးခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

နမ္မတီးမြို့ရှိ အလယ်တန်းကျောင်း ကျောင်းဆောင် အပေါ်ထပ်တွင် ကျောင်းအုပ် ဆရာမ ကြီး၏ တူတော်စပ်သူ အသက် ၃၀ ကျော်ခန့်ရှိသူ ကိုအောင်ကိုကိုလင်းမှာ စနေနေ့ နံနက် ၅ နာရီခန့်က ဝမ်းဗိုက်၏ ဘယ်ညာတွင် ဓားဖြင့် နှစ် ချက်ထိုးခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

“ကျောင်းအပေါ်ထပ်မှာ အသံကြားလို့ တက်ကြည့်တော့ တံခါးပွင့်နေလို့ သူကတံခါးပိတ် လိုက်တာ။ သူခိုးနဲ့ ထိပ် တိုက်တွေ့ပြီး ထိုးသွားတယ်လို့ ပြောတယ်။ သွေးတွေထဲမှာ မှောက်နေလို့ ချက်ခြင်း နမ္မတီးဆေးရုံပို့တာ အဲ့ဒီက ဆရာဝန်က မြစ်ကြီးနားဆေးရုံလွှဲလိုက်လို့ မြစ်ကြီးနားဆေးရုံကြီးကိုပို့ပေးတာ” ဟု လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မြို့သာယာရပ်ကွက်က အခြေခံပညာအလယ်တန်းကျောင်းအတွင်း ဝင်ခိုးသည့် သူခိုးမှာ ကိုအောင်ကိုကိုလင်း ကို ဓါးဖြင့် ထိုးပြီးနောက် ထွက်ပြေးလွှတ်မြှောက်သွားသည်ဟု သိရသည်။

ဓါးဖြင့် အထိုးခံရသည့် ကိုအောင်ကိုကိုလင်း မှာ ဒဏ်ရာပြင်းထန်သောကြောင့် နမ္မတီးမြို့ ဆေးရုံမှ မြစ်ကြီးနား ကုတင် ၅၀၀ ဆန့် ပြည်သူ့ ဆေးရုံကြီးသို့ ခေါ်ဆောင်လာပြီး ဓာတ်မှန်ရိုက်နေစဥ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားတွင် ခိုးဆိုးလုယက်မှုများ၊ သူခိုး များက အိမ်ပိုင်ရှင်များကို သတ်ပစ်သည့် ဖြစ်စဥ်မျိုး မကြာခဏဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြော သည်။