ပုသိမ်ရဲဝန်ထမ်းအိမ်ယာရှေ့တွင် ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

ပုသိမ်မြို့ ရှိ ရဲဝန်ထမ်း မိသားစုများနေသည့် နယူးလိုင်း ရဲဝန်ထမ်းများ အိမ် ယာရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

“အုန်းကနဲ အသံက အတော်ကျယ်တယ်။ အိမ်တောင် တုန်သွားတယ်။ ဒါပေမယ့် လူထိခိုက်တာ လိုင်းခန်း ပျက် စီးတာ မတွေ့ဘူး” ဟု ဖက်တန်းလမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဖက်တန်းလမ်းရှိ အမှတ် ၅ ရပ်ကွက် ရုံးနှင့် လမ်းတစ်ဖက်ကမ်းရှိ အိမ်ထောင်သည်လိုင်း အခန်း အမှတ် ၁၅ နှင့် ၂၅ ၏ အရှေ့တွင် စနေနေ့ ည ၈ နာရီကျော်ခန့် က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

ဗုံး ပေါက်ကွဲသံကို ပေါက်ကွဲသည့် နေရာနှင့် မီတာ ၁၀၀၀ ခန့် ကွာဝေးက တက်ဆိပ်ကုန်း၊ ပုသိမ်ဘူတာလမ်း နှင့် ထောင်ကုန်းလမ်းအတွင်း ရှိနေသူများလည်း ကြားခဲ့ရသည်ဟု ပြောကြသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲများရောက်ရှိလာပြီး ပိတ်ဆို့ ရှာဖွေမှု များ လုပ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်သည့် နေရာတွင် အသံဗုံးဟု ယူဆရသည့် ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့ က ပြောသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ နှင့် အောက်တိုဘာလအတွင်းက ပုသိမ်မြို့ တဖက်ကမ်းရှိ သင်္ဘောကျဥ်း နယ်မြေ ရဲစခန်းကို PDF များက ဗုံးဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရဲစခန်းလည်း သေနတ်ဖြင့် တစ် ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။