ပအိုဝ်း တပ်ဖွဲ့နှစ်ခု အကြား သတ်ဖြတ်မှု ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပအိုးဝ် နိုင်ငံရေးအဖွဲ့များ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) တပ်ဖွဲ့ဝင် ၅ ဦးအား စစ်ကောင်စီ လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA က ပစ်သတ်ခဲ့မှုဖြစ်စဉ်ကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်း လမ်းနှင့် ဖြေရှင်းသွားမည်ဟု ပအိုဝ်းနိုင်ငံရေး အဖွဲ့အစည်းများက ထုတ်ပြန်လိုက်သည်။
ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စုရှိ PNLA တပ်သားများက မွေးရပ်မြေဖြစ်ဖြစ်သည့် ဝါးပြုံးကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်ခန့်က PNLA တပ်သား ၅ ဦး ရွာခံ အမျိုးသား ၁ဦး ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးရန် စက်တင်ဘာလ ၁၅ ရက်နေ့တွင် (PNLO/ PNLA) က ထုတ်ပြန်တောင်းဆိုထားသည်။
ထိုလုပ်ရန်ပေါ် ကန့်ကွက်ချုံ့ချကြောင်းလည်း ပအိုဝ့်အမျိုးသား ဖက်ဒရယ်ကောင်စီ (PNLO/PNFC) ၏ ဥက္ကဋ္ဌ ဟောင်း ဦးခွန်မြင့်ထွန်း က ပြောသည်။
“ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရေးဆိုတဲ့ နေရာမှာ လျော်ကြေးယူပြီး ဖြေရှင်းခိုင်းတာ မဟုတ်ဘူး။ အကြမ်းဖက် သတ်ဖြတ်မှုကို အမိန့်ပေးစေခိုင်းသူတွေ တာဝန်ယူဆောင်ရွက်ခဲ့တဲ့လူတွေအပါအဝင် ပြစ်မှုကျူးလွန်သူတွေ အကုန်လုံး အထိုက်အလျောက် အပြစ်ပေးရမယ်။ ပြီးရင် PNO/ PNA အဖွဲ့အစည်းက တာဝန်ရှိတဲ့ ခေါင်းဆောင် တွေကလည်း လူထုကို တောင်းပန်ရမယ်။ နောက်မဖြစ်ဖို့ကို တာဝန်ယူရမယ်။ ခေါင်းဆောင်အဆင့်ဆင့်က လည်း တာဝန်ယူမှု တာဝန်ခံမှု အဆင့်ဆင့်နဲ့ အမှုမှန် ဖော်ထုတ်ဖို့လိုတယ်။ အထူးသဖြင့်တော့ ဗဟိုကော်မတီပေါ့ ဒီဖြစ်ရပ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖော်ထုတ်ပြသဖို့တော့ လိုတာပေါ့။”
ယခုကဲ့သို့ ဖြေရှင်းရခြင်းမှာ ယခင်က စစ်အေးခေတ်ကာလများအတွင်း အမျိုးသားဒီမိုကရေစီ ဝါဒကိုကိုင်စွဲသည့် ပအိုဝ်းဖြူနှင့် လူတန်းစား ပြည်သူ့ဒီမိုကရေစီ ဝါဒကိုကိုင်စွဲထားသည့် ပအိုဝ်းနီတို့ကြား ၁၁ နှစ်ကြာ တိုက်ပွဲဖြစ် ပွားမှုကြောင့် သွေးချောင်းစီးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ခဲ့ဖူးသောကြောင့် စိုးရိမ်မှုကြောင့် မကြမ်းမဖက်နည်းဖြင့် ဖြေရှင်းရန် ပြောဆိုရခြင်း ဖြစ်သည်ဟု ဦးခွန်မြင့်ထွန်းက ဆိုသည်။
ထို့ကြောင့် သမိုင်းတစ်ပတ် ပြန်မလည်စေရေးအတွက် PNLA/PNFC အနေနှင့် လက်နက်ကိုင် ပဋိက္ခများကို အတတ်နိုင်ဆုံးရှောင်ရှားကာ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာမည်ဟုလည်း ဦးခွန်မြင့်ထွန်းက ပြော သည်။
PNO/PNA အနေဖြင့် ပြည်သူများ သိရှိအောင် အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ တရားမျှတမှုအတွက် ဗဟိုကော် မတီက တာဝန်ယူမှုရှိရန်၊ ပြစ်မှုကျူးလွန်သူများကို အရေးယူဆောင်ရွက်ရန်၊ ယခုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ် မပေါ်စေရေးအတွက် အပြည့်အဝအာမခံပေးရန်နှင့် ဒေသကာကွယ်ရေး အကြောင်းပြချက်ဖြင့် အခြားသော ညီနောင်တိုင်းရင်းသားများ အကြား လူမျိုးရေးပဋိပက္ခ မဖြစ်ပေါ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန် စသည့် အချက် ၅ ချက်ကို PNFC က PNO/ PNA ကို စာထုတ်တောင်းဆိုထားသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)က အကြမ်းမဖက် ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းနှင့် ဆောင်ရွက်သွားလိုကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
PNLA မှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးမင်းသိန်းက “အရေးယူမှုကတော့ သူတို့ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေကိုတော့ ဘယ်လိုဆောင်ရွက် မယ်ဆိုတာ ဒီနေ့အချိန်ထိတော့ အသေးစိတ်လာပြီးတော့ ပြောပြတာတော့ မရှိပါဘူး။ ညှိနှိုင်းတာတော့ ဘာမှ မရှိသေးဘူးလို့တော့ ပြောတယ်။ ဟုတ်ကဲ့ Statement မှာ ပါတဲ့အတိုင်း အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတာ ဖော်ပြထားပြီးသား ဖြစ်တယ်။ ဒီ အတိုင်းပဲ ကျနော်တို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
ယခု ဖြစ်ရပ်အပေါ် စစ်ကောင်စီက အသုံးချပြီး ပအို့ဝ် လူမျိုးအချင်းချင်းကြား သပ်လျိုသွေးခွဲမှုများ ရှိလာနိုင် သည့် အတွက် ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်းရန် ရွေးချယ်ခြင်းဖြစ်သည်ဟုလည်း ပအိုဝ့်နိုင်ငံရေး အဖွဲ့အစည်း များ က ပြောသည်။
ပအိုဝ်းနိုင်ငံရေး အဖွဲ့အစည်းများနှင့် ပအိုဝ်းပြည်သူများ အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိရှိ အကြမ်းမဖက် သော နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းပေးဖို့ တောင်းဆိုထားသော်လည်း PNO/ PNA အနေဖြင့် ကျူးလွန်ခဲ့ သည့် ပုဂ္ဂိုလ်များကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သွားမည်ကို ယခုအချိန်ထိ အသေးစိတ်ထုတ်ပြန်ထားမှု မရှိသေးဘူးဟု PNLA က ပြန်ကြားရေးတာဝန်ရှိသူများက ပြောသည်။