စုဝေးစကားပြောနေသည့် ပျူစောထီးများ ပစ်ခံရ၊ ၂ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းက ဆီအုန်းခြံ တစ်ခြံတွင် စုဝေးစကားပြောနေသော ပျူစောထီးအဖွဲ့ဝင်အချို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၂ ဦး သေ ဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ဆီအုန်းခြံအတွင်းက နေအိမ်အဆောင် တန်းလျားတွင် လက်နက်ကိုင် ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်များ စုပြီးစကားပြောနေကြစဉ် လူ ၆ ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ဆီအုန်းခြံထဲ သေနတ်သံတွေက တိုက်ပွဲဖြစ်သလို အပြန်အလှန်ပစ်သံမျိုးတော့ မဟုတ်ဘူး။ မနက်လင်းမှ ပစ်သတ်ခံရတယ်လို့သိရတာ” ဟု အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူ ၂ ဦးမှာ ဇဝဲ အခြေစိုက် ၅၅၆ တပ်ရင်းမှ ဗိုလ်ကြီးဟောင်း ကျော်နိုင်၏ ခြံမန်နေဂျာ ကိုတင်စိုးနှင့် ခြံစောင့်တစ်ဦးတို့ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ ည ၁၀နာရီအချိန်ခန့်က သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပစ်သတ်ခံရသူ ၂ဦးကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၎င်းတို့ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၁၆ ရက်နေ့ တွင် သတင်းထုတ်ပြန် ထားသည်။
ယင်းထုတ်ပြန်ချက်ထဲတွင်း သေဆုံးခဲ့သူများသည် အဆိုပါ ဆီအုန်းခြံအတွင်း ပျူစောထီးအဖွဲ့က ပေးသည့် သင် တန်းတက်ပြီး စုပေါင်းနေထိုင်ကြကာ ပျူစောထီးခေါင်းဆောင် ကျော်ထွေး ဦးဆောင်၍ ခြံလုပ်ငန်း ရှင်များနှင့် ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းများ၊ မောတောင်မြို့ထဲအထိ လက်နက်ကိုင် ရမ်းကားခြင်းများ လုပ်နေသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။