အရပ်သား သတ်ဖြတ်ခံရမှုအပေါ် လီဆူ လူငယ်များ မေးခွန်းထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာက လီဆူအမျိုးသားတစ်ဦး အသတ်ခံရခြင်းနှင့် လူထု အပေါ် အနိုင်ကျင့်ခြင်းများအား လက်ရှိ အာဏာရှိသူများက ဖြေ ရှင်းပေးမှု တစ်စုံတစ်ရာ မရှိ ဟု ဒေသခံ လူငယ်များက ပြောသည်။
စက်တင်ဘာလ ၁၈ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ပစ်သတ်ပြီး ၎င်းနေထိုင်သည့် အိမ်ခြံ ဝန်းအတွင်းမှာပင် မီးရှို့ထားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လီဆူလူငယ်တစ်ဦးက “အခုဆို စစ်တပ်က ပိုပြီး ရက်ရက်စက်စက်လုပ်လာတယ်။ ဒီအာဏာသိမ်းပြီး နောက် ပိုင်း အသတ်ခံရတဲ့လူတွေ၊ ပျောက်သွားတဲ့လူတွေလည်း အများကြီးပဲ။ ဒီတခါဆို သူတို့က ပစ်သတ်ပြီး အလောင်းကိုတောင် မီးရှို့ဖျက်ဆီးခဲ့တာ။ တော်တော်ဆိုးတယ်။ ဘယ်မှာသွားတိုင်ရမလဲ မသိဘူး။ လီဆူပါတီက လည်း စစ်တပ်က လုပ်တော့ ဘာမှ မပြောရဲဘူး။ ကျနော်တို့ ပြည်သူက အားကိုးစရာ လုံးဝမရှိဘူး။ ကျနော်တို့ လူမျိုးစုအငယ်တွေဆိုပိုဆိုးတယ်။ လက်နက်ကိုင်ထားတဲ့လူဆို အားလုံးကို ကြောက်ရတယ်” ဟု ပြောသည်။
လက်ရှိ အစိုးရတာဝန်ယူထားသူများအပြင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေဖြင့် လည်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကြသည်ဟု လီဆူလူငယ် အချို့က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ကချင်လူထုတစ်ရပ်လုံးအပြင် နိုင်ငံတဝှမ်းရှိ လူထုအပေါ် ကျူးလွန်နေမှုများသည် နေ့စဉ် ပိုဆိုးရွားလာနေပြီး လူထုမှာ အားကိုးရာမဲ့နေသည်ဟု အဆိုပါ လူငယ်က ဆိုသည်။
မြစ်ကြီးနား -မြစ်ဆုံသွားကားလမ်းပေါ်ရှိ အာလမ်ကျေးရွာ၊ အာလမ် အထကကျောင်းဘေး၊ ရပ်ကွက် ၂ တွင် နေ ထိုင်သူ အသက် ၃၅ နှစ်ခန့် အရွယ်ရှိ ဦးလယ်မယ်ဒီးဆိုသူကို စစ်တပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး အလောင်း ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အာလမ်ရွာသားများ က ပြောသည်။
“ခြေတံရှည် အိမ်အောက်ထပ်မှာ သူ့အကိုကိုလည်း တိုင်မှာတခါတည်း ကြိုးတုပ်ထားတယ်။ သူ့အမျိုးသမီးက တော့ မေ့လဲနေတာ။ သူ့အမေကိုကတော့ အိမ်အပေါ်ထပ်ကနေ မဆင်းလာခိုင်းဘူး။ ဘေးပတ်ဝန်းကျင်က လူ တွေကလည်း မထွက်ရဲဘူးလေ။ ထွက်ရင်လည်းပစ်သတ်မှာပဲ” ဟု အာလမ်ရွာသား တစ်ဦးက ပြောသည်။
ဦးလယ်မယ်ဒီးသည် အင်းဝိုင်းများ၊ ဝါးဖောင်ငယ်လေးဖြင့် တနိုင်တပိုင် ရွှေကျင်ကာ အသက်မွေးဝမ်းကျောင်းသူ တစ်ဦးဖြစ်ပြီး ရွှေဖောင်ကို ဆင်းကြည့်စဉ် စစ်ကောင်စီတပ်နှင့် တွေ့ချိန်တွင် ကြောက်လန့်ကာ ပြန်ပြေးလာပြီး နောက် အိမ်အပေါက်ဝမှာပင် ပစ်သတ်ခံရခြင်းဖြစ်သည် ဟု ရွာသားများက ပြောသည်။
ပစ်သတ်ခံလိုက်ရသည့် ဦးလယ်မယ်ဒီးတွင် ကလေး ၂ ဦးကျန်ရစ်သည်ဟု သိရသည်။
ထိုနေ့ညက စစ်ကား ၂စီး၊ ခန့်မှန်း စစ်ကောင်စီတပ်သား အယောက် ၁၀၀ ခန့်ပါဝင်သည့် အဆိုပါအဖွဲ့သည် အာ လမ်ကျေးရွာနှင့် ကပ်လျက်ရှိသည့် ဒွန်ဂမ်ကျေးရွာတွင်လည်း နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခြင်း၊ အိမ် ထောင်စုများ စစ်ဆေးခြင်းနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့သေးသည်ဟု သိရသည်။
အလားတူ သေနတ်များ အကြောင်းမဲ့ ပစ်ဖောက်ကာ ရွာသားများကို ကြောက်လန့်အောင် ခြိမ်းခြောက်မှုများ ကိုလည်း လုပ်ဆောင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ညနေကလည်း ဒွမ်ဂန်ကျေးရွာမှ အမျိုးသမီး ၂ ဦး ကို စစ်ကောင်စီ အရာရှိက ကား ဖြင့် တိုက်ပြီး ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
အာလမ်ကျေးရွာနေ ပြည်သူများသည် လယ်ယာလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တနိုင်တပိုင်ရွှေ တူးဖော်သည့် လုပ်ငန်းများ အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေ ၅၀၀၊ လူဦးရေ ၄၀၀၀ ခန့်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်သည်။
စက်တင်ဘာလ ၁၃ ရက် ညကလည်း မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးတွင် ဆိုင်ကယ် စီးလာသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မရပ်ပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည်ဟု ရပ်ကွက်နေသူများ၏ ပြောပြချက်အရ သိရသည်။