ဆိုင်ကယ် ကယ်ရီ မောင်းသမား၏ အလောင်းကို မိုးကာဖြင့် လိပ်ပြီး စွန့်ပစ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

ဖားကန့်တွင် ဆိုင်ကယ်ကယ်ရီ မောင်းသူ တစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို မိုးကာနဲ့ လိပ်ပြီး ပစ်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းနှင့် မှော်ဆီဇာကျေးရွာ အကြား၊ ပေါ်ဦး စားသောက်ဆိုင် အကျော်၊ လမ်းကြားထဲတွင် ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးငှက်ခါး အသက် ၄၂ နှစ် အသတ်ခံထားရသည်ဟု ဒေသခံများက ပြောသည်။

“အခုက သတ်ပြီးတော့ မိုးကာနဲ့ ကျကျနန လိပ်ပြီး လာပစ်သွားတာဆိုတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ သဘော ပေါ့။ ဒဏ်ရာကတော့ လည်ပင်းကို ကြိုးနဲ့ရစ်သိုင်းပြီး ဆွဲသတ်ထားတဲ့ ပုံစံလိုမျိုး” ဟု ပြောသည်။

ဦးငှက်ခါး ကို သတ်ပြီး အလောင်းအား မိုးကာစနှင့် ပတ်၍ လာပစ်ထားခဲ့ခြင်း ဖြစ်သည်ဟု လုံးခင်းဒေသခံများ က ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ဆိုင်ကယ်ကယ်ရီသမား တစ်ဦး လည်ပင်းတွင် ဒဏ်ရာများဖြင့် သေ ဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိခဲ့ရာ သေဆုံးသူ၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်ပါ ပျောက်ဆုံးနေသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်တွင် မကြာခဏ လူသတ်မှု၊ လုယက်မှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စုတွင် ကားလုယက်မှုတစ်ခု ဖြစ်ပွားခဲ့သည် ဟု လုံးခင်းဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုနှင့် မှော်စီစာကျေးရွာအကြားတွင် ဇွန် ၁၉ ရက်နေ့တုန်းကလည်း လက်ပြန်ကြိုး တုပ်ပြီး ပစ်သတ်ခံထားရသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သေးသည်။