ပုသိမ်ရှိ ကမ္ဘောဇဘဏ်များ သတိပေးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။
ဗဟိုဘဏ်နှင့် ပူးပေါင်းကာပြည်သူများအား နည်းမျိုးမျိုးဖြင့် ဒုက္ခပေးနေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ KBZ ဘဏ် ၄ ခုကို တိုက်ခိုက်သွားမည်ဟု ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆို လိုက်သည်။
ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီး၊ မြို့မရဲစခန်းအနီးရှိ KBZ ဘဏ်(၁)၊ ဈေးချောင်းလမ်း ရွှေပြည်သာဈေးအနီးရှိ KBZ ဘဏ်(၂)၊ မင်းရဲကျော်စွာလမ်း၊ ကုလားကုန်းဈေးအနီး KBZ ဘဏ် (၃) နှင့် ဘဏ် (၄)တို့အပြင် ကမ်းနား လမ်း ရှိ Kpay Center တို့ကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။
“အဲဒီ ဘဏ်က စစ်ကောင်စီကို အပြည့်အဝထောက်ခံပြီးတော့ ဗဟိုဘဏ်ရဲ့ ညွန်ကြားချက် အတိုင်း ပြည်သူ ကို နည်းအမျိုးမျိုးနဲ ဒုက္ခပေးနေတယ်။အဲဒါကြောင့် တိုက်ခိုက်သွားမှာ” ဟု ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။
ပုသိမ်မြို့ရှိ ကမ္ဘာဇ KBZ ဘဏ်ခွဲ ၄ ခုကို တိုက်ခိုက်သွားရန် ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဘဏ်၏ လုံခြုံရေးဝန်ထမ်းများအနေ ဖြင့် မစ်ရှင်ဆောင်ရွက်ချိန်တွင် ခုခံမည်ဆိုပါက ဒလန်အဖြစ် သက်မှတ်ပြီး လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ပြောသည်။
ဒေသခံပြည်သူများလည်း သေနတ်သံ၊ ပေါက်ကွဲသံများ ကြားပါက စပ်စုခြင်းမပြုကြရန်နှင့် မစ်ရှင်ဆောင်ရွက် နေချိန် ပြောက်ကျားတပ်ဖွဲ့ဝင်များ၏ ဝင်လမ်း၊ ထွက်လမ်းများကို အနှောက်အယှက်မပေးကြဖို့ သတိပေးထား သည်။
“မစ်ရှင်လုပ် ဆောင်ချိန်မှာခုခံတားဆီးနှောက်ယှက်တဲ့ ပြည်သူတွေကိုလည်း ဒလန်လို့သတ်မှတ်ပြီး လုပ်သင့်တာလုပ်သွားမှာဖြစ်ပါတယ်” ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ဆက် ပြောသည်။
သို့သော် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ အနေဖြင့် မြို့တွင်းရှိ KBZ ဘဏ်ခွဲများကို တိုက်ခိုက်မည့် အစီအစဥ်များ နှင့် မည်သည့်အချိန်တွင် စတင်မည်ဆိုသည်ကို တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။
မြန်မာနိုင်ငံတဝှမ်းရှိ KBZ ဘဏ်ခွဲများ အားလုံးတွင် KBZ Pay အကောင့်ဖွင့်ထားသည့် KBZ Pay Level 1 နှင့် 1.5 အဆင့်များကို ဗဟိုဘဏ်က ပိတ်သိမ်းမည်ဟု ထုတ်ပြန်ပြီးသည့်နောက် Level 2 အဆင့်ရှိသည့် အကောင့်များ ကိုပါ အကြောင်းမဲ့ပိတ်သိမ်းမှုများ ရှိလာပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်ဟု ပုသိမ်ဒေသခံများ က ပြောသည်။
ဗဟိုဘဏ်၏ ညွန်ကြားချက်ဖြင့် KBZ Pay ပိတ်သိမ်းမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်း ပြီးနောက် နွေဦးတော်လှန်ရေးကာလ စတင်ကတည်းက CDM ဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု သံသယရှိသူများ၏ အကောင့်များ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ယခုကဲ့သို့ ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်လိုက်ချိန်တွင် ပိတ်သိမ်းခံရမှုက ပိုများလာသည်ဟု သုံးစွဲ သူများက ပြောသည်။