သထုံတွင် အိမ်အချို့က စစ်ကောင်စီ ချုပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံအချို့၏ နေအိမ်များ ထပ်မံချိပ်ပိတ်ခံလိုက်ရသည်ဟု သိရသည်။
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ NLD ပါတီဝင် ဒေါ်အေးသီတာမြင့်၏ နေအိမ်ကို စက်တင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ ဦးမုတ်ဆိတ်၏ နေအိမ်နှင့် ဇုတ်သုတ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဟောင်း ဦးစိုးထိုက်တို့၏ နေအိမ်တို့ကိုလည်း စစ်တပ်က ချိပ်ပိတ်ခဲ့သည်။
အဆိုပါ နေအိမ်များသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ နိုင်ငံတော်၏ ဘဏ္ဍာအဖြစ် သိမ်းဆည်းကြောင်း စစ်ကောင်စီက စာကပ်ပြီး ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
”ချိတ်ပိတ်သွားတဲ့အိမ်တွေက လူမရှိကြဘူး။လူမနေတာကြာနေပြီ။အဲ့ဒါကို နိုင်ငံတော်ကသိမ်းတယ်ဆိုပြီး စာကပ် ချိတ်ပိတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းက ဒေသခံများ၏ နေအိမ် ၄ လုံးကိုလည်း အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက်စပ်သည်ဟုဆိုပြီး စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီက ချိပ်ပိတ်သွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။
စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း သထုံမြို့နယ်အတွင်းက ဒေသခံများ၏ နေအိမ် ၃ လုံးကိုလည်း စစ်ကောင်စီအဖွဲ့က ချိပ်ပိတ်ခဲ့သေးသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် သထုံခရိုင် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်မြို့နယ်အတွင်းရှိ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ၊ PDF အဖွဲ့ဝင်များ၊ စစ်တပ်ဆန့်ကျင်သူတို့၏ နေအိမ်များနှင့် စျေးဆိုင်များကို စစ်ကောင်စီက ချိပ်ပိတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။
လက်ရှိတွင် သထုံခရိုင်အတွင်း ချိပိတ်ခံထားရသည့် နေအိမ် အလုံး ၄၀ ထက်မနည်း ရှိနေသည်ဟု သိရသည်။