ဓနု ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွင် ဗျူစောထီးများကို လက်နက်တပ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပျူစောထီးများအား စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသည့် ပျူစောထီးများအား ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများလုံခြုံရေး အကြောင်းပြကာ စက်တင်ဘာလ တတိယပတ်မှစတင်၍ စစ်သင်တန်းများပေးပြီးနောက် လက်နက်တပ်ဆင် ပေးနေကြောင်း တက်တောင်ကျေးရွာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။
“သူတို့ကို ထောက်ခံတဲ့ အိမ်တွေထဲက မဖြစ်မနေ တစ်ယောက်သွားရတယ်။ မတက်မနေရပေါ့။ မတက်ရင် တော့ ပိုက်ဆံပေးရတယ်။ ဘယ်လောက်ဆိုပြီးတော့ မရှိဘူး။ အဲတာက သူတို့နဲ့ ညှိလို့ရတယ်” ဟု အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရွာငံမြို့နယ်အတွင်းရှိ တက်တောင်ကျေးရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိ၍ တရွာလုံးနီးပါးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကို ထောက်ခံကြသူများဖြစ်ပြီး အဆိုပါကျေးရွာမှ ပျူစောထီး အယောက် ၄၀ ခန့်ကို စစ်ယူနီဖောင်းနှင့်တကွ လက်နက်တပ်ဆင်ပေးထားသည် ဟု ၎င်းက ဆက်ပြောသည်။
ရွာငံမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများ၊ USDP ထောက်ခံမှုအားကောင်းသည့် ကျေးရွာများတွင် စစ်ကောင်စီက စစ်သင်တန်းပေးနေသည်မှာ ပြီးခဲ့သည့် ဇွန်လကတည်းက ဖြစ်သည်ဟု သိရ သည်။
ယခုစက်တင်ဘာလ တတိယပတ်ထဲတွင် ပျူစောထီးအဖွဲ့ဝင်များ ပိုမိုစုဆောင်းလာပြီး တစ်ဦးချင်းစီတိုင်း ကို လက်နက်တပ်ဆင်ပေးလာသည်ဟု တောင်တက်ကျေးရွာအနီးရှိ ကျောက်ဂူပြင်ကျေးရွာက ရွာခံပြည်သူများက ပြောသည်။
ထိုသို့ လက်နက်တပ်ဆင်ပေးရာတွင်လည်း ပျူစောထီး ဘွဲ့ရများကို အရာရှိအနေဖြင့် ခန့်ထားကာ ပစ္စတိုတစ် လက်နှင့် ကျည်ကာများ ဆင်ထားပေးပြီး ရိုးရိုး ပျူစောထီးတပ်သားများကိုမူ MA မောင်းပြန်ရိုင်ဖယ် တစ်လက်စီ ပေးအပ်ထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကျောက်ဂူပြင်ရွာခံ အမျိုးသားတစ်ဦးက “UG တွေကို ကာကွယ်ဖို့လို့တော့ ပြောတာပေါ့။ UG တွေကတော့ တခါ မှ အန္တရာယ်မပေးဖူးဘူး။ ကြောက်နေရတာက ပျူစောထီးတွေပဲ။ အခုလည်း သူတို့က လစာမရဘူး။ စစ်တပ် က ကိုယ့်ကိုယ် ရှာဖွေစားကြလို့ ပြောထားတယ်တဲ့။ နီးစပ်ရာ ရွာတွေတော့ သတိထားနေရတာပေါ့။ သူတို့က သေနတ်နဲ့လေ” ဟု ဆက်ပြောသည်။
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့သည် ယခင် စစ်အာဏာ မသိမ်းခင်ကာလ များ ကတည်းက USDP ပါတီ ထောက်ခံမှုအားကောင်းသော ဒေသဖြစ်သည်နှင့်အညီ စစ်ကောင်စီသတင်းပေး ဒလန်နှင့် ပျူစောထီးတို့မှာလည်း မကြာခဏဆိုသလို မြို့ပြပြောက်ကျားတပ်ဖွဲ့ (UG) များ၏ လုပ်ကြံ သတ်ဖြတ် ခြင်းများ ခံနေရသည့် ဒေသလည်း ဖြစ်သည်။
ယခုတွင် ထိုမြို့နယ်များထဲ မြို့ပြပြောက်ကျားတပ်ဖွဲ့ (UG) များ ရပ်တည်ရ ခက်ခဲလာသည်ကို အခွင့်ကောင်း ယူ ကာ စစ်ကောင်စီမှ ပျူစောထီများ ပိုမိုမွေးထုတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်မှာ ယခင် ၎င်းတို့အောင်မြင်ခဲ့သော သပ်လျိုသွေးခွဲနည်းဖြစ်သည့် ပြည်သူ့စစ်အဖွဲ့များ မွေးထုတ် ခြင်းကို ကျင့်သုံးလာပြီး ပျူစောထီးတပ်ဖွဲ့များကိုလည်း ထိုသို့ အသွင်ပြောင်းကာ ဓနုလူမျိုး အချင်းချင်း ကြား ရန်တိုက်ပေးနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထို့ကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ အနေဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့်မှုများကြောင့် လူမျိုးအချင်းချင်း သွေးကွဲကာ တိုက်ခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။
ဓါတ်ပုံ – Mizzima