မိုးဗြဲတွင် တိုက်ပွဲ ပြင်းထန် ၊ မိုးဗြဲ PDF က စနိုက်ပါများဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့တွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မိုးဗြဲ PDF ဘက်က Sniper ပစ်ချက်ကြောင့် စစ်သား ၃ ယောက် သေဆုံး သွားသည်ဟု မိုးဗြဲ PDF တာဝန်ရှိသူများက ပြောသည်။
မိုးဗြဲမြို့ရှိ စက်တော်ရာ တောင်ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင် အချိန်ခန့်တွင် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ နာရီခန့် တိုက်ပွဲ ကြာမြင့်ကာ ၎င်းတို့၏ စနိုက်ဘာပစ်ချက်ဖြင့် စစ်သား ၃ ဦးသေဆုံးသွားသည်ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက “တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် ဘာမှမဖြေနိုင်သေးပါဘူး။ လော လောဆယ် ကျနော်တို့ ကျည်ဆန်တွေ အများကြီးလိုအပ်နေတယ်။ ကူညီပေးကြပါလို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။
စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးသွားသည့် နောက် လွိုင်ကော်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက)မှ ၁၂၀ မမ တာဝေးအတွဲလိုက် ပစ်ဒုံးကျည်များ (MLRS) ဖြင့် အဆက်မပြတ် ပြစ်ခတ်ခဲ့ရာ ဒုံးကျည် ၂ လုံးမှာ မိုးဗြဲမြို့ စက်တော်ရာ တောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များထံ ပြန်ကျရောက်ပြီး ပေါက်ကွဲခဲ့ သည် ဟု သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်သားများ သေဆုံးမှုကို အရေအတွက်အားဖြင့် အတိအကျ မသိရသေးသော်လည်း အများအပြား သေဆုံးမှုရှိသည်ကိုမူ အတည်ပြုနိုင်သည်ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။
ထိုတိုက်ပွဲမှာ စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် ပြီးဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် များ ဘက်က လက်ရှိချိန်အထိ အကျအဆုံး မရှိသေးပဲ ထိုးစစ်ဆင်မှုကို ဆက်လက်တောင့်ခံနိုင်ခဲ့သည်ဟု မိုးဗြဲ PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ပေါ်မှ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အသေအပျောက်များစွာဖြင့် ဆုတ်ခွာခဲ့ပြီးနောက် သာလွန်အင်အားဖြင့် ဒုတိယအကြိမ် ထိုးစစ်ဆင်ကာ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ယနေ့ အချိန်ထိ မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားခြင်း ဖြစ်သည်။
အလားတူ မိုးဗြဲမြို့အတွင်းသို့လည်း တစ်နေကုန်နီးပါး ၁၂၀-မမ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သောကြောင့် လူနေအိမ်များစွာ ထိမှန်ပျက်စီးမှုများရှိနေသည်ဟု မိုးဗြဲပြည်သူများက ပြောသည်။
စစ်ကောင်စီတပ်များအနေဖြင့် မိုးဗြဲမြို့တွင်း လူသူမရှိသည့် နေအိမ်များတွင် ကင်းပုန်းဝပ်နေသောကြောင့် မိုးဗြဲ ပြည်သူများအနေဖြင့် ၎င်းတို့နေအိမ်များသို့ ပြန်မလာကြသေးရန်နှင့် မိုးဗြဲလမ်းမကြီးအား အသုံးမပြုကြသေးရန် မိုးဗြဲ PDF မှ သတိပေးထားသည်။
မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှ မိုးဗြဲ PDF (၁၀၀၁၊ ၁၀၀၇)၊ ဖယ်ခုံ PDF၊ လွိုင်ကောက် PDF၊ ဒီးမော့ဆို PDF (၁၁၀၁)၊ နေပြည်တော် PDF၊ KNDF B03၊ KA၊ KGZ၊ URF (Underground Revolution Force)နှင့် NUG လက်အောက်ခံ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က ပူးပေါင်းကာ ခုခံတိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မိုးဗြဲမြို့သည် စစ်ကောင်စီက ရာထူးအကြီးပိုင်းများ နေထိုင်သည့် နေပြည်တော်မြို့နှင့် ၂၀၀ ကီလိုမီတာခန့်သာ ကွာဝေးပြီး ကားဖြင့် ၄ နာရီအတွင်း ရောက်ရှိနိုင်သောကြောင့် စစ်ကောင်စီတပ်များက စိုးရိမ်ကြောက်လန့်ကာ သာလွန်အင်အားများဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သုံးသပ်ပြောဆိုနေ ကြသည်။